တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင် ဆဲဆိုသည့် ပထွေးကို တုတ်နှင့်ရိုက်သတ်ခဲ့သူအား ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ် ရွှေဂဲညိုကျေးရွာအုပ်စု၊ ဂလက်တိုကျေးရွာရှိ ရွာတာဝန်ခံဦးကြူခင်က ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ၃၁ရက် ည၁၀နာရီခွဲတွင် ယင်းကျေးရွာ၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ စခန်းမှူးရဲအုပ် မိုးကျော်အောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ ဂလက်တိုကမ်းနားနေ ရေလုပ်သားထွန်းအောင် (၂၅)နှစ်နှင့် ပထွေးဖြစ်သူ ဦးဟန်သူလင်း(၄၈)နှစ်တို့သည် နေအိမ်တွင်ရှိနေစဉ် ပထွေးဖြစ်သူက မိခင်နှင့်ပေးစားသည့်စကားမျိုးသုံးကာ ထွန်းအောင်ကို ဆဲဆိုရာမှ စကားများရန်ဖြစ်ခဲ့သည်။
ထိုသို့စကားများစဉ် ထွန်းအောင်က ပထွေးဖြစ်သူဦးဟန်သူလင်း၏ဦးခေါင်းအား သစ်သားတုတ်နှင့်ရိုက်ခဲ့ရာ ဦးဟန်သူလင်းတွင် ဦးခေါင်းဝဲဘက်စောင်းပေါက်ပြဲဒဏ်ရာ၊ဝဲမေးရိုးအောက် ပြတ်ရှဒဏ်ရာ၊ နားသွေးယိုထွက်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့သည်။
ပြစ်မှုကျူးလွန်သူထွန်းအောင်ကို ည၁၁နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်ရဲစခန်းက (ပ)၂၃/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

















