ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် ၁၂ အဖြစ် လီဗန်တေးကွင်းတွင်သွားရောက် ယှဉ်ပြိုင်ခဲ့ရာ အဓိကတိုက်စစ်မှူး မက်ဆီ ဂိုးသွင်းနိုင်သော်လည်း သုံးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။
ပရိသတ် ၂ဝဝဝဝ ကျော်လာရောက်ကြည့်ရှုခဲ့သည့် ပွဲ၌ ဘာစီလိုနာမှာ မက်ဆီ၏ ပွဲချိန် ၃၈ မိနစ် ပင်နယ်တီဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။ လီဗန်တေးသည် ဒုတိယပိုင်းတွင် အားကြိုး မာန်တက်ကစားခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုး များသွင်းယူနိုင်ခဲ့သည်။ လီဗန်တေးသည် ပွဲချိန် ၁ဝ မိနစ်အတွင်း သုံးဂိုးသွင်းယူနိုင် ခဲ့ရာ ဘာစီလိုနာမှာ ပွဲချိန် ၆၁၊ ၆၃၊ ၆၈ မိနစ်၌ ဂိုးများပေးခဲ့ရသည်။
ဘာစီလိုနာ သည် လက်ကျန်ပွဲချိန်များတွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ရန် ထိုးဖောက်ကစား ခဲ့သော်လည်း ပွဲရလဒ်မပြောင်းခဲ့၍ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
ဂိုးပြတ်ရှုံးပွဲရင်ဆိုင်ခဲ့ရပြီးနောက် ဘာစီ လိုနာအားပေးသူပရိသတ်များက နည်းပြ ဗယ်ဘာဒီအား ရာထူးမှထုတ်ရန် တောင်းဆို မှုများရှိနေသည်။ ဗယ်ဘာဒီက ''ကျွန်တော့် အနေနဲ့ ရာထူးက နုတ်ထွက်ဖို့အတွက် စဉ်းစားတာမျိုးမရှိပါဘူး။ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ ဒါက ရှုံးပွဲတစ်ပွဲထက် မပိုပါဘူး။ ဒုတိယဂိုးသွင်းယူနိုင်ဖို့ ကြိုးစား ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး''ဟု ပွဲပြီးသတင်းစာ ရှင်းလင်းပွဲတွင် အသိပေး ပြောကြားခဲ့သည်။
ဘာစီလိုနာအဓိကတိုက်စစ်မှူး ဆွာရက်ဇ်မှာ ပွဲချိန် ၄၁ မိနစ်တွင်ဒဏ်ရာရရှိခဲ့၍ လူစား လဲခြင်းခံခဲ့ရသည်။ ဥရုဂွေးတိုက်စစ်မှူးဆွာ ရက်ဇ်မှာ ယခုနှစ်ရာသီ အစောပိုင်းတွင် ဒဏ်ရာကြောင့်အနားယူခဲ့ရသည်။
ဆွာရက်ဇ်သည် စက်တင်ဘာ ၁၄ ရက် နောက်ပိုင်း အသင်းအတွက်ပြန်ကစားပြီး နောက် လာလီဂါခြောက်ဂိုးသွင်းယူခဲ့သည်။ ၎င်းသည် ဒဏ်ရာကြောင့် ဆလားဗီးယား၊ ဆယ်တာဗီဂိုတို့နှင့်ပွဲတွင် ပါဝင်ကစားရန် မသေချာပေ။















