လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ ၁၀ ဦးပျောက်ဆုံး

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ ၁၀ ဦးပျောက်ဆုံး

ချင်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း အပါအဝင် ၁၀ ဦးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြားတွင် ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ပလက်ဝ ဇိုရမ်ပူရ်လမ်းစီမံကိန်းမှ နိုင်ငံခြားသားငါးဦး၊ စကားပြန်နှစ်ဦး၊ ယာဉ်မောင်း နှစ်ဦးတို့သည် စပိဘုတ်ဖြင့် ပလက်ဝမှ ရခိုင်ပြည်နယ်ကျောက်တော်မြို့သို့ သွားရောက်သည့်လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

"ပျောက်သွားတာမှန်တယ်။ အိန္ဒိယနိုင်ငံသားတွေလည်း ပါတယ်။ ကျွန်တော်တို့ကတော့ ကျန်နေတဲ့မိသားစုလုံခြုံရေးအတွက် ဂရုစိုက်ဖို့ ပြောထားတယ်။ အခုထိတော့ ဘာမှသတင်းမရသေးဘူး"ဟု ချင်းဒုက္ခသည် အရေးကူညီပေးနေသည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက် ဇက်ခင်က ပြောဆိုသည်။

အင်န်အယ်လ်ဒီပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့ တင်းသည် နိုဝင်ဘာ ၄ ရက်တွင် လွှတ်တော်တက်ရမည်ဖြစ်၍ ယခင် သွားနေကျအတိုင်း ပလတ်ဝမှ ကျောက်တော်သို့ အမြန်ရေယာဉ်ဖြင့်သွား ရောက်လေ့ရှိကြောင်း၊ ထို့နောက် စစ်တွေမြို့မှလေယာဉ်ဖြင့် ရန်ကုန်--နေပြည် တော်သို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

ဦးဝှေ့တင်းအပါအဝင် ၁၀ ဦးပျောက်ဆုံးမှုကြားသိပြီးနောက် တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြန်မာတိုင်းမ်သို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ၎င်းတို့ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းပျောက်ဆုံးနေသည့် သတင်းကိုကြားသိထားပြီး အေအေအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းသည် အေအေအဖွဲ့၏အဓိက ပစ်မှတ်မဟုတ်ဘဲ ခရီးစဉ်တွင်ပါဝင်သည့်အိန္ဒိယနိုင်ငံသားငါးဦးမှာ အဓိက ပစ်မှတ်ဖြစ်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး