အီတလီတိုက်စစ်မှူး ဘာလော့တယ်လီသည် ဗီရိုနာအား နှစ်ဂိုးတစ်ဂိုးဖြင့် ရှုူံးနိမ့်ခဲ့သည့်ပွဲတွင် လူမျိုးရေး ခွဲခြားခံရ၍ ကွင်းပြင်သို့ထွက်ရန်ကြိုးစားခဲ့ရာ အခြေအနေ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရကြောင်း အီတလီသတင်းများက ရေးသားခဲ့သည်။
ဘရက်ရှားသို့ရောက်ရှိနေသော တိုက်စစ်မှူးဘာလော့တယ်လီသည် အသင်းတိုက်စစ်ကို ဦးဆောင်ကစား ခဲ့သူ ဖြစ်သည်။ ဘာလော့တယ်လီသည် ဒုတိယပိုင်းပွဲချိန် (၅၃)မိနစ်တွင် ဘောလုံးကစားနေရာမှ ချက်ချင်း ဆိုသလို ဘောလုံးကိုကောက်ကိုင်၍ ပရိသတ်လူအုပ်ကြားထဲ ကန်ပစ်ခဲ့သည်။ ထို့နောက် ဘာလော့တယ်လီသည် စိတ်ဆိုးမာန်ဆိုးဖြင့် ကွင်းပြင်သို့ထွက်ရန် ကြိုးစားခဲ့ရာ ဗီရိုနာကစားသမားများအပါအဝင် အသင်းဖော်များက မနည်းဖျောင်းဖျခဲ့ရသည်။
ဘာလော့တယ်လီသည် ကစားသမားဘဝ၌ မကြာခဏဆိုသလို လူမျိုးရေးခွဲခြားခံခဲ့ရသူ ဖြစ်သည်။ ကစားဖော်များ၏ ဖျောင်းဖျမှုကြောင့် ဘာလော့တယ် လီမှာ ကွင်းပြင်သို့ မထွက်တော့ဘဲ ဘောလုံးဆက်ကစား ခဲ့သည်။ ၎င်းသည် ဘရက်ရှားအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို (၈၅)မိနစ်တွင် သွင်းယူခဲ့သည်။
ဘာလော့တယ်လီက လူမျိုးရေးခွဲခြားခံခဲ့ရဟု ပြောဆိုခဲ့သော်လည်း ဗီရိုနာအသင်းနည်းပြ ဂျူရစ်နှင့် ဘရက်ရှားအသင်းနည်းပြ ကော်ရီနီတို့က လူမျိုးရေး ခွဲခြားမှုအသံများ မကြားခဲ့ရကြောင်း အသိပေးခဲ့သည်။















