ရလဒ်ယိမ်းယိုင်မှုကြောင့် နည်းပြကိုဗတ်အား ဘိုင်ယန်မြူးနစ်ထုတ်ပယ် ဘိုင်ယန်မြူးနစ် နည်းပြသစ်ဖြစ်လာရန် အယ်လီဂရီ ရေပန်းစား

ရလဒ်ယိမ်းယိုင်မှုကြောင့် နည်းပြကိုဗတ်အား ဘိုင်ယန်မြူးနစ်ထုတ်ပယ် ဘိုင်ယန်မြူးနစ် နည်းပြသစ်ဖြစ်လာရန် အယ်လီဂရီ ရေပန်းစား

ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိ သူများသည် ယခုနှစ် ဘောလုံးရာသီ ရလဒ်ယိမ်းယိုင်မှုကြောင့် နည်းပြကိုဗတ် အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ် ကြောင်း ကြေညာခဲ့သည်။

ဘိုင်ယန် မြူးနစ်သည် တနင်္ဂနွေနေ့က ဖရန့်ဖတ် ကွင်းတွင် ငါးဂိုးတစ်ဂိုးဖြင့် ဂိုးပြတ်ရှုံး နိမ့်ခဲ့ရာ ၁ဝ နှစ်အတွင်း အကြီးမားဆုံး ဘွန်ဒက်လီဂါ ဂိုးပြတ်ရှုံးပွဲဖြစ်ခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ယခုနှစ် ဘွန်ဒက် လီဂါ (၁ဝ)ပွဲ ကစားပြီးချိန်၌ နှစ်ပွဲရှုံးနိမ့် ခဲ့ပြီး ဦးဆောင်သူ မိုချင်ဂလက်ဘတ်နှင့် လေးမှတ်ကွာဟကာ အမှတ်ပေးဇယား စတုတ္ထနေရာတွင် ရပ်တည်နေသည်။

အသက်(၄၈) နှစ်အရွယ် ခရိုအေးရှား ကွင်းလယ်ကစားသမားဟောင်း ကိုဗတ် သည် ၂ဝ၁၈ ခုနှစ် ဇူလိုင်က ဘိုင်ယန် နည်းပြ ဖြစ်လာခဲ့ပြီးနောက် ယမန်နှစ်က ဖလားနှစ်လုံး ပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ် သည်။

ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ကိုဗတ်က လက်ရှိအချိန်တွင် ယင်းအား ရာထူးဖယ်ရှားခဲ့သည့် အသင်းလုပ်ရပ် မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့သည်။ ကိုဗတ်သည် ဘိုင်ယန်မြူးနစ် အသင်း အား တစ်နှစ်ခွဲအတွင်း (၆၅)ပွဲ နည်းပြ ခဲ့ရာ(၄၅)ပွဲအနိုင်ရအောင် စွမ်းဆောင် ပေးခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ယာယီ နည်းပြအဖြစ် လက်ထောက်မန်နေဂျာ ဟန်ဆီဖလစ်ကို တာဝန်ပေးထားကြောင်း သိရသည်။

ဖလစ်သည် အိုလံပီယာကို့စ်၊ ဒေါ့မွန်တို့နှင့်ပွဲများကို တာဝန်ယူရမည် ဖြစ်သည်။ ဂျာမန်သတင်းစာတစ်စောင် ဖြစ်သည့် BILD ၏ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် နည်းပြသစ်ဖြစ်လာရန် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ ရေပန်းစားနေကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်သည် မကြာမီအချိန် အတောအတွင်း နည်းပြသစ် အလျင် အမြန်ခန့်အပ်မည်ဖြစ်သည်။

အသက်(၅၂)နှစ်အရွယ် နည်းပြ အယ်လီဂရီသည် ယမန်နှစ် ဇွန်လက ဂျူဗင်တပ်စ်နှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည်။ ဘိုင်ယန် မြူးနစ်နည်းပြသစ်ဖြစ်လာရန် ရေပန်း စားနေသောနည်းပြစာရင်းတွင် မော်ရင် ဟို၊ ပိုချက်တီနို၊ တန်ဟက်၊ ရန်နစ်နှင့် ဗန်ဘွန်မဲလ်တို့ ပါဝင်နေသည်။



ဖတ်ရှုမှုအများဆုံး