အဲဗာတန်နှင့် စပါးတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် တောင်ကိုရီးယား တိုက်စစ်မှူးဆွန်ဟောင်မင်၏ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံသို့ အလျင် အမြန်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ပွဲချိန်(၇၇)မိနစ်တွင် ဂိုမက်စ်မှာ ဘောလုံးယူ၍ တောင်ပံတစ်လျှောက်ဆွဲပြေးခဲ့စဉ် ဆွန်ဟောင်မင်က အနောက်မှ နေ၍ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သောကြောင့် ပေါ်တူဂီကစားသမားမှာ ညာဘက် ခြေကျင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။
ဂိုမက်စ်လဲကျစဉ် အော်ရီရာကလည်း ကစားပုံကြမ်းခဲ့သေးသည်။ ဂိုမက်စ်သည် ကွင်းပေါ်တွင် အော်ဟစ်နေခဲ့ပြီး ဒဏ်ရာပြင်းထန်၍ မျက်ရည်များပင်ကျခဲ့သည်။
ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က ဆွန်ဟောင်မင်အား အဝါကတ် ပြရန်သာရှိသော်လည်း ဗီဒီယိုအကူဒိုင်လူကြီးစနစ် ပြန်ကြည့်၍ တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ဆွန်ဟောင်မင်ကိုယ်တိုင်မှာလည်း ဘောလုံး ကွင်းအတွင်း မထင်မှတ်ဘဲ ဖြစ်ပေါ်ခဲ့သည့်ဖြစ်ရပ်ကို တုန်လှုပ်ကာ မျက်ရည်များ ကျခဲ့သည်။
ဆွန်ဟောင်မင်သည် ပွဲအပြီး အဝတ်လဲခန်းအတွင်း၌ စိတ်ထိခိုက် ခဲ့ပြီး ငိုကြွေးခဲ့ကြောင်းလည်း ကစားဖော်အယ်လီက ပြောဆိုခဲ့သည်။ ဂိုမက်စ်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း၊ ပေါ်တူဂီသားမှာ မကြာမီတွင် စိတ်ဓာတ်ခွန်အား ပိုကောင်းကာ ပြန်လာနိုင်မည်ဟု အဲဗာတန်နည်းပြဆေးလ်ဗားက ဆိုသည်။















