အမြန်လမ်းမကြီးပေါ်တွင် မူးယစ်ရမ်းကားနေသူနှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ တိုင်ကြားသူ၏ ဆန္ဒအရ ခံဝန်ရေးထိုးစေခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ နိုဝင်ဘာ ၅ ရက်တွင် သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ (၄)ရက် ည ၉နာရီ မိနစ်၃၀ တွင် ယာဉ်တစ်စီးသည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၅/၅ -၂၅/၆ ကြား၌ အမည်မသိ အမျိုးသားနှစ်ဦးက အမြန်လမ်းမကြီးပေါ်တက်၍ အရက်မူးပြီး ကားများအား တားဆီးနှောင့်ယှက်ခဲ့သည်။
ထိုသို့နှောင့်ယှက်နေသဖြင့် ယာဉ်အန္တရာယ်ဖြစ်စေနိုင်ကြောင်း အဆိုပါယာဉ်မောင်းက အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ကို သတင်းပို ့အကြောင်းကြားခဲ့ရာ ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်နေ ဇော်ဇော်နိုင်(၂၃ နှစ်)နှင့် ရွှေပြည်သာမြို့နယ်နေ ကိုရဲညွန့်(၂၅ နှစ်)တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှစ်ဦး ထိုကဲ့သို့မပြုလုပ်ရေး ဆုံးမပေးရန်သာ တိုင်ကြားသူ ယာဉ်မောင်းက ဆန္ဒရှိသဖြင့် သက်ဆိုင်ရာက ၄င်းတို့၏ အလုပ်ရှင်ဖြစ်သည့် ရာဘာခြံတာဝန်ခံထံအပ်နှံ၍ ခံဝန်ရေးထိုးစေခဲ့သည်။

















