ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းချ သူများအနေဖြင့် မိမိတို့ဆိုင်သို့ လာ ရောက်သွေးပေါင်ချိန်သူများအား ရောက်ရောက်ချင်း သွေးပေါင်ချိန် ပေးခြင်းမပြုလုပ်ဘဲ စနစ်တကျဆောင် ရွက်ပေးရန်လိုအပ်ကြောင်း မြန်မာ နိုင်ငံ သွေးတိုးရောဂါအဖွဲ့ တွဲဖက် အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဦးမင်းဇော်ဦးက ပြောသည်။
နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ခန်းမ၌ ပြုလုပ်သည့် သွေးတိုးရောဂါ လူထု ပညာပေးဟောပြောပွဲတွင် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။
"သွေးတိုးရောဂါဆိုတာ တိုင်း ကြည့်မှ သိတာ။ အဲဒီအတွက် စံချိန်မီ တဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာလိုပါ တယ်။ တိုင်ထောင်တဲ့ကိရိယာနဲ့တိုင်း တဲ့အခါ တိကျမှန်ကန်ဖို့လိုတယ်။ တိုင်းတဲ့သူအပေါ်မှာလည်း မူတည် တယ်။ တိုင်းတဲ့သူက အရည်အချင်း ရှိဖို့ လိုတယ်။ သူ့ရဲ့ အကြားအာရုံ ကောင်းဖို့ လိုတယ်။ တိုင်းရလွယ်တဲ့ ဒစ်ဂျစ်တယ်ပေါ်လာတဲ့အခါ လက် မောင်း၊ လက်ကောက်ဝတ်၊ လက်ချောင်း တွေမှာ ပတ်ထားတာရှိတယ်။ လူထု ကြားထဲမှာဖြစ်ပေါ်တာက တိုင်ထောင် တဲ့ ကိရိယာနဲ့ အရင်ကတည်းက တိုင်း လာတော့ တိုင်ထောင်တာက မှန်တယ်၊ ဒစ်ဂျစ်တယ်နဲ့ တိုင်းတာမှားနေတာပဲ ဆိုတဲ့ အယူအဆပေါ့။ တိုင်ထောင် တိုင်းတာပဲဖြစ်ပါစေ၊ ဒစ်ဂျစ်တယ်နဲ့ပဲ ဖြစ်ပါစေ စံချိန်မီတဲ့ သွေးပေါင်ချိန် ကိရိယာ ဖြစ်ဖို့လိုတယ်"ဟု ၎င်းက ပြောသည်။
ထို့အပြင် သွေးပေါင်ချိန်ပေးသူ များအနေဖြင့် သွေးပေါင်ချိန်သူများအား ရောက်ရောက်ချင်း မချိန်ပေးသင့်ဘဲ သက်သောင့်သက်သာ ဖြစ်စေမည့် နောက်မှီထိုင်ခုံဖြင့်ထိုင်စေကာ မှန်မှန် ကန်ကန်နှင့် စနစ်တကျ တိုင်းပေးရန် လိုအပ်ကြောင်း သိရသည်။
"သွေးပေါင်ချိန်တဲ့အခါမှာ လိုက် နာရမယ့်စည်းကမ်းတွေရှိတယ်၊ လူနာ ရောက်ရောက်ချင်းချိန်ရင် သွေးပေါင် ချိန်က မမှန်နိုင်ဘူး။ နာရီဝက်အတွင်း မှာ လက်ဖက်ရည်၊ ကော်ဖီ၊ အစား အသောက်တွေ စားသောက်မထား ရဘူး။ ဆီးသွားချင်တာတွေ၊ ဝမ်းသွား ချင်တာတွေ၊ ဒါမျိုးတွေ မရှိရဘူး။ နောက်တစ်ခါ ငါးမိနစ်ခြား နှစ်ခါ တိုင်းရမယ်"ဟု ပါမောက္ခဒေါက်တာ ဦးမင်းဇော်ဦးက ဆက်လက်ပြောသည်။
သွေးတိုးရောဂါမှာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ခြေများသော်လည်း မှန်ကန် သည့် လူနေထိုင်မှုစနစ်နှင့် စားသောက် ပုံစနစ်ရှိပါက မျိုးရိုးဗီဇကြောင့် သွေးတိုး ရောဂါဖြစ်ခြင်းကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း သိရသည်။
အသက်ကြီးလာပါက သွေးကြော နံရံများထူလာပြီး သွေးပေါင်ချိန် အပြောင်းအလဲဖြစ်ကာ သွေးတိုးရောဂါ ဖြစ်ပွားနိုင်သလို အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆားကို လိုအပ် သည်ထက် စားသုံးခြင်း၊ တာရှည်ခံ သည့်အစားအစာများစားခြင်း၊ စိတ် ဖိစီးခြင်း၊ ဒေါသကြီးခြင်း စသည်တို့ ကြောင့် သွေးတိုးရောဂါဖြစ်ပွားနိုင် ကြောင်း သိရသည်။
သွေးတိုးရောဂါကို ကောင်းမွန် မှန်ကန်စွာ မကုသပါက နှလုံးသွေး ကြောရောဂါနှင့် ဦးနှောက်သွေးကြော ရောဂါဖြစ်ရန် အန္တရာယ်ပိုများပြီး သွေးတိုးရောဂါနှင့်ယှဉ်တွဲ၍ ကျောက် ကပ်၊ ဆီးချို၊ သွေးချို၊ သွေးထဲ အဆီ များခြင်း စသည့် ရောဂါများလည်း ဖြစ်ပွားနိုင်သည်။ လက်ရှိသွေးတိုးရောဂါ ဖြစ်ပွားနှုန်း များပြားလာပြီး ၂၀၁၄ ခုနှစ်တွင် ကောက်ခံထားသည့် အချက်အလက် များအရ မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သွေးတိုးရောဂါဖြစ်ပွားမှု ၃၀ ရာခိုင်နှုန်းရှိပြီး လူအယောက် ၁၀ဝ တွင် ၃၀ ခန့်ဖြစ်ပွားကြောင်း သိရသည်။

















