၁၆နှစ်သားက ဓားထောက်ခြောက်လှန့်ပြီး ငွေတောင်းယူ

၁၆နှစ်သားက ဓားထောက်ခြောက်လှန့်ပြီး ငွေတောင်းယူ

အသက် ၁၆နှစ်အရွယ်လူငယ်က ဓားထောက်ခြောက်လှန့်ပြီး ငွေတောင်းယူမှု ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဈေးရှေ့တွင် ဖြစ်ပွားခဲ့ရာ ကျူးလွန်သူလူငယ်ကို နိုဝင်ဘာ ၄ ရက်၌ ဖမ်းဆီးရမိခဲ့သည်။
 

လုယက်မှုကျူးလွန်သူ မောင်----(၁၆)နှစ်သည် နိုဝင်ဘာ ၂ ရက်တွင် ၎င်း၏ သူငယ်ချင်းဖြစ်သူဆိုင်ကယ်နှင့် နေအိမ်သို့ ပြန်လာစဉ် ကျပ်နှစ်သောင်း ချေးငှားရန် သူငယ်ချင်းဖြစ်သူကို အကူအညီ တောင်းခဲ့သည်။ 

သူငယ်ချင်းဖြစ်သူက ငွေမရှိကြောင်း ပြန်လည်ပြောဆိုသဖြင့် ဆိုင်ကယ်ပေါင်ပေးရန် ကျူးလွန်သူလူငယ်က ထပ်မံပြောဆိုခဲ့ရာ သူငယ်ချင်းဖြစ်သူက ၎င်း၏ ဆိုင်ကယ်ကို မပေါင်ပေးနိုင်ကြောင်း ပြောဆို၍ ပြန်သွားခဲ့သည်။

ကျူးလွန်သူလူငယ်သည် ယင်းနေ့ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သည့်သူငယ်ချင်းဖြစ်သူ၏ နေအိမ်သို့ အလည်သွားရောက်ခဲ့သည်။ထိုသို့သွားရောက်စဉ်  ကျူးလွန်သူလူငယ်အိမ်ပြန်နိုင်ရန် သူငယ်ချင်းဖြစ်သူက ၎င်း၏ ဆိုင်ကယ်ဖြင့် အခြားသူတစ်ဦးကို ပြန်ပို့ခိုင်းခဲ့သည်။

အဆိုပါလိုက်ပို့ပေးသူက ကျူးလွန်သူလူငယ်ကို ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဈေးရှေ့အရောက် ဆိုင်ကယ်နောက်လိုက်ပါစီးနင်းသည့် ကျူးလွန်သူလူငယ်က လိုက်ပို့ပေးသူကို ဓားဖြင့်ထောက်၍ အပေါင်ဆိုင်သို့ မောင်းနှင်ခိုင်းခဲ့သည်။

ထို့နောက် ဆိုင်ကယ်ပေါင်နှံ၍ရရှိသည့်ငွေများကို ယူသွားသဖြင့် ဆိုင်ကယ်ပိုင်ရှင်သူငယ်ချင်းက နိုဝင်ဘာ ၃ ရက်တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ပဲခူးမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းက (ပ)၁၆၃၆/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ အရ ဖမ်းဆီးအမှုဖွင့်အရေးယူထားသည်။