ထီပေါက်ကြောင်းပြောပြီး ငွေကျပ်သိန်း ၅၀ လိမ်လည်ယူဆောင်ခဲ့သူသုံးဦးကို ဖမ်းဆီးရမိမှု ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ စောမူးသာ သည် နေအိမ်တွင်ရှိနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၇)ရပ်ကွက်နေ ကြည်ထွန်းနှင့် အောင်ဝင်းမြင့် တို့နှစ်ဦးရောက်ရှိလာပြီး စောမူးသာနှင့် ယောက္ခမဖြစ်သူ ဦးဘော်ဖားတို့အား (၉) ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်(၁၀)စောင်တွဲတစ်ကတ်ကိုကျပ် ၂၅၀ဝဝ နှင့် လာရောက် ရောင်းချသဖြင့် ဝယ်ယူခဲ့သည်။
အောက်တိုဘာ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ကြည်ထွန်းနှင့် အောင်ဝင်းမြင့်တို့ နှစ်ဦး ထပ်မံရောက်ရှိလာပြီး ထီလက်မှတ်(၁၀)စောင်တွဲနှစ်ကတ်ကို ငါးဦးသာ ရောင်းချမည် ဖြစ်ပြီး ၄င်းတို့ထဲမှ လေးဦးမှာ ငွေကျပ်သိန်း(၁၀ဝ၀) ပေါက်မည်ဖြစ်ကြောင်းနှင့် ထီပေါက်ပါက ၎င်းတိုကို ပဉ္ဇင်းခံ ပေးရန် ပြောဆိုသဖြင့် ထီလက်မှတ် (၁၀)စောင်တွဲ နှစ်ကတ်ကိုကျပ်ငါးသိန်းဖြင့်ထပ်မံဝယ်ယူထားခဲ့သည်။
အောက်တိုဘာ၂၉ ရက် ည ၇ နာရီခန့်တွင် ကြည်ထွန်းနှင့် အောင်ဝင်းမြင့်တို့နှစ်ဦး ထပ်မံရောက်ရှိလာပြီး ငွေကျပ် သိန်း(၁၀ဝ၀)ဆုပေါက်သည်ဟု ပြောကာ ငွေကျပ်သိန်း(၁၀ဝ၀) ဆုကြီးဟု ရေးသားထားသည့် ငွေစက္ကူစာအိတ်အား ကိုင်စေပြီး မှတ်တမ်းဓာတ်ပုံရိုက်ကာ ၎င်းဆုကြီးပေါက်သည့်အတွက် နိုင်ငံတော်အစိုးရအား ငွေကျပ်(၁၅)သိန်း အခွန်ဆောင်ရမည်ဟု ပြောသဖြင့် ငွေကျပ်(၁၅)သိန်းပေးခဲ့သည်။
အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် စောမူးသာထံသို့ အမည်မသိတစ်ဦးက လက်ကိုင်ဖုန်းနံပါတ်ဖြင့် ခေါ်ဆိုလာပြီး
" မင်းယောက္ခမ ဦးဘော်ဖား သိန်း(၁၀ဝ၀)ထီပေါက်တာ မိဘမဲ့ကလေးများကိုလှူရန်အတွက် ငွေကျပ် ၁၀ သိန်းပေးလိုက်ဦး၊ ငါ့တပည့် လွှတ်လိုက်မည် "ဟု ပြောဆိုကာ ဖုန်းချသွားခဲ့ပြီးနောက် ကြည်ထွန်းရောက်ရှိလာကာ ငွေကျပ် ၁၀သိန်းကို ယူဆောင်သွားခဲ့သည်။
နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခန့်တွင် ယင်းဖုန်းဖြင့် ထပ်မံဆက်သွယ်လာပြီး ကျပ်သိန်း ၂၀ဝ၀ ဆု ပေါက်သည်ဟုပြော၍ နိုင်ငံတော်ကို အခွန်ပေးဆောင်ရန်ပြောသဖြင့် စောမူးသာနှင့် ဦးဘော်ဖားတို့က ငွေကျပ် သိန်း ၂၀ ကို သွားရောက်ပေးအပ်ခဲ့ရာ ကြည်ထွန်းနှင့် ကျော်စွာတို့က လာရောက်ယူဆောင်သွားခဲ့သည်။
အဆိုပါနေ့ ည (၇)နာရီခန့်တွင် ယင်းဖုန်းဖြင့် ထပ်မံ ဆက်သွယ်လာပြီး ကျပ်သိန်း ၂၀ဝ၀ဆုပေါက်သည့် အတွက် နိုင်ငံတော်အစိုးရအား ငွေကျပ်သိန်း ၅၀ သွင်းပြီးမှ ယခုပေါက်သည့် ကျပ်သိန်း၂၀ဝ၀ ဆုကို နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် စောမူးသာက "ငွေရှာဦးမယ်"ဟု ပြန်လည်ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၂ ရက် နံနက် ၇ နာရီတွင် စောမူးသာက ကျပ်သိန်း ၁၀ဝ၀ ဆု စာတမ်းပါ စာအိတ်ကို ဖွင့်ဖောက်တိုက်စစ်ဆေးကြည့်ရာ ကျပ်သိန်း(၁၀ဝ၀) ဆုပေါက်သည့် ထီလက်မှတ်မဟုတ်ကြောင်း သိရှိခဲ့ရသောကြောင့် အရေးယူပေးရန် နိုဝင်ဘာ ၃ရက်တွင် ကျောက်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။
ရဲတပ်ဖွဲ့က စောမူးသာကို ဖုန်းဖြင့်ငွေတောင်းခံသူများအား ကျပ်သိန်း (၅၀) ပေးမည်ဟု ပြောဆို၍ ကျောက်ကြီးမြို့၊ တြိဂံလမ်းဆုံ၊ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့သို့ ချိန်းဆိုခဲ့သည်။
အဆိုပါနေရာသို့ ကျောက်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့က သွားရောက် စောင့်ဆိုင်းခဲ့ရာ ကြည်ထွန်းတစ်ဦးတည်းသာ ရောက်ရှိလာသဖြင့်ဖမ်းဆီးနေစဉ် ကျော်စွာက ကြည်ထွန်းထံသို့ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ပြီး ၎င်းမှာ ကျောက်ကြီးမြို့၊ သိန်တန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ရောက်ရှိနေကြောင်းပြောပြသိရသဖြင့် ထပ်မံဖမ်းဆီးခဲ့သည်။
ဆက်လက်ကျန်ရှိနေသည့် အောင်ဝင်းမြင့် ကို ဆိပ်ကြီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရမိခဲ့သည်။
၄င်းတို့ သုံးဦးကို ကျောက်ကြီးမြို့မရဲစခန်းက (ပ)၈၀/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့် အရေးယူထားသည်။

















