အမြစ်ပြတ်ချေမှုန်းရန်ကြွေးကြော်ပြီးနောက် AA အပေါ် စစ်ဆင်ရေးမအောင်မြင်မှုအပေါ် တပ်မတော်ဖြေရှင်း

အမြစ်ပြတ်ချေမှုန်းရန်ကြွေးကြော်ပြီးနောက် AA အပေါ် စစ်ဆင်ရေးမအောင်မြင်မှုအပေါ် တပ်မတော်ဖြေရှင်း

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အပေါ်စစ်ဆင်ရေးမအောင်မြင်မှုနှင့်ပတ်သက်၍ တပ်မတော်ရင်ဆိုင်နေရသည့် အခက်အခဲများကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲကင်းစခန်းများတိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကို ခြေကုပ်ယူရန် AA အဖွဲ့၏ ကြိုးပမ်းမှုကိုလက်မခံကြောင်း ပြတ်ပြတ်သားသားငြင်းဆန်ခဲ့ကာ အမြစ်ပြတ်ချေမှုန်းရေးဆောင်ရွက်မည်ဟူသော တပ်မတော်၏ ကြွေးကြော်ချိန်တစ်နှစ်နီးပါးကြာသည်အထိ မအောင်မြင်ခြင်းနှင့်ပတ်သက်၍ တပ်မတော်၏ အခက်အခဲများအား ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

''တကယ့်သူပုန်အဖွဲ့ အစည်းလိုရပ်တည်ပြီးတော့ စခန်းတွေချထားပြီးတကယ်ရပ်တည်နေတဲ့ အဖွဲ့အစည်းဆိုရင် ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်တာကြာပါပြီ။ သို့သော်လည်းရွာတွေကို အခြေခံပြီးလုပ်တာ၊ မြို့ပေါ်အခြေခံပြီးလုပ်တာကျတော့ ကျွန်တော်တို့မှာ အခက်ခဲရှိတယ်။ မြောက်ဦးဖြစ်စဉ်ဆိုရင် အားလုံးသိတဲ့အတိုင်းတပ်က လုံခြုံရေးစစ်ကြောင်းဝင်လာတယ်။ မြောက်ဦးမြို့ထဲကနေပြီးအဆောက်အအုံတွေ၊ ဘုရားတွေကနေပြီး ပစ်တာ'' ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

AA အဖွဲ့ကို ၂ဝဝ၉ ခုနှစ်အတွင်းက ကချင်ပြည်နယ် လိုင်ဇာ၌ အဖွဲ့ဝင်ဆယ်ဂဏန်းဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် AA သည်ရခိုင်လူထုအပေါ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး အင်အားကြီးထွားလာကာရခိုင်ပြည်နယ်မြောက်ပိုင်းကို အခြေချပြီး တပ်ရင်းဌာနချုပ်အခိုင်အမာထားရှိရန် ၂ဝ၁၅ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့သည်။

ကချင်ပြည်နယ်လိုင်ဇာမှ မြန်မာ-အိန္ဒိယနယ်စပ်ကိုဖြတ်ကာ ချင်းပြည်နယ် ပလက်ဝမြို့မှတစ်ဆင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)ကို ဝင်ရောက်ရန်ကြိုးပမ်းစဉ် တပ်မတော်နှင့် AA အကြားပထမဆုံးတိုက်ပွဲ ၂ဝ၁၅ ခုနှစ်ကပြိုင်ဆိုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်။

၂ဝ၁၆နှင့် ၂ဝ၁၇ ခုနှစ်များကရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောဒေသများအတွင်း အစွန်းရောက်အကြမ်းဖက်များ၏ အကြမ်းဖက်မှုများပေါ်ပေါက်ခဲ့ပြီးနောက် ထိုကိစ္စဖြေရှင်းရန် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုအာရုံစိုက်နေချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ AA ၏စိမ့်ဝင်ပျံ့နှံ့မှု ပိုမိုအားကောင်းသွားခဲ့ကြောင်း လေ့လာသုံးသပ်သူများကပြောသည်။

''လောလောဆယ် AA က အခြေခံထားတာက ကျောက်တော်၊ မြောက်ဦး၊မင်းပြားဆိုတဲ့ နယ်မြေသုံးခုပဲ။ သူတို့ကရွာတွေကို အခြေခံတယ်။ အများအားဖြင့် တိုက်ပွဲတွေကြည့်လိုက်ရင်တောထဲမှာဖြစ်တာများတယ်။ ရွာနားလေးကထွက်ပြီးပစ်တယ်။ ရွာနားလေးမှာမိုင်းထောင်တယ်။ ပြီးရင် ကျွန်တော်တို့လိုက်လံရှင်းလင်းတဲ့အခါ သူတို့ကရွာသားဆိုပြီး အော်တယ်''ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

၂ဝ၁၈ ခုနှစ်ကုန်ပိုင်းမှ စတင်ကာရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများစတင်ပြင်းထန်ခဲ့ရာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ၄ရက် နံနက်ပိုင်းတွင် ရဲစခန်းလေးခုကိုAA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ရက်ပိုင်းအကြာတွင်ပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲ၌ AA ကို အမြစ်ပြတ်ချေမှုန်းရန် အစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ဖော်ပြောခဲ့သည်။

ယခုအချိန်တွင် AA သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအပါအဝင် အရပ်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်ထားသည်အထိ လုပ်ဆောင်လာပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အထက်ပိုင်းဒေသများတွင် လုံခြုံရေးအရ ခြိမ်းခြောက်လာခဲ့သည်။

တပ်မတော်အနေဖြင့် တစ်နှစ်ဝန်းကျင်အထိရှိလာပြီဖြစ်သည့် AA အား အမြစ်ပြတ်ချေမှုန်းရေး ခရီးမရောက်ခြင်းမှာ နိုင်ငံတကာ ဥပဒေများ၊လူသားချင်းစာနာထောက်ထားမှု၊လူ့အခွင့်အရေးဆိုသည့် စံနှုန်းများကိုလေးစားလိုက်နာနေရသည့်အပြင်AA သည် ကျေးရွာများကို အခြေခံထားပြီး အရပ်ဝတ်ဖြင့်တိုက်ခိုက်မှုများပြုလုပ်နေခြင်း၊ အရပ်သားနှင့် AAအဖွဲ့ဝင်အဖြစ် ခွဲခြားသိမြင်ရန် ခက်ခဲခြင်းတို့ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး