ပဲခူးမြို့ မဇင်းဆည်အနီး လင်မယားနှစ်ဦးထံမှ ခြိမ်းခြောက်လုယူခဲ့သူသုံးဦးအနက်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့ရာ အလားတူ အမှုတစ်မှု ထပ်မံပေါ်ပေါက်ခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ၂ ရက် ညနေ ၄ နာရီခန့်တွင် ပဲခူးမြို့နေ ကိုကိုနိုင်သည် ဇနီးဖြစ်သူနှင့်အတူ မဇင်းဆည်သို့ သွားရောက်ပြီး ဆည်ရေတံခါးအကျော် သစ်သားတံခါးအနီးအရောက်၌ ဆိုင်ကယ်ကိုရပ်ကာ စကားပြောနေခဲ့သည်။
ထိုသို့စကားပြောနေစဉ် နှာခေါင်းကိုအဝတ်နှင့်စည်းထားသည့် အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာကာ အရိုးအသွား တစ်ပေခွဲခန့်ရှိ ဓားကိုယ်စီကိုင်ဆောင်၍ နှစ်ဦးက ကိုကိုနိုင်ကို ဓားနှင့် ခုတ်ခဲ့သည်။
ထို့နောက် လင်မယားနှစ်ဦးထံမှ ရွှေနားကပ်နှစ်ခု၊ ရွှေ ဆွဲကြိုးတစ်ကုံး၊ MI NOTE 4 လက်ကိုင်ဖုန်းတစ်လုံးတို့အား ယူကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဓားနှင့်အခုတ်ခံရသဖြင့် ကိုကိုနိုင်တွင် ယာလက်ဖျံပြတ်ရှ ဒဏ်ရာ တစ်ချက်၊ ဝဲလက်ကောက်ဝတ် ထိုးသွင်းဒဏ်ရာများရရှိခဲ့ သောကြောင့် အဆိုပါ (စုံစမ်းဆဲ) အမျိုသားသုံးဦး ကိုအရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပဲခူးမြို့အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၁၆၃၈/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၁၁၄ အရ အမှုဖွင့်ကာ စခန်းမှူး ရဲအုပ် ရဲထွဋ်ကိုနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထက်ဝေကျော်တို့အဖွဲ့က ပူးပေါင်းစုံစမ်းခဲ့သည်။
နိုဝင်ဘာ ၄ ရက်တွင် မဇင်းဆည်အနီး မသင်္ကာဖွယ်သွားလာတတ်သူသုံးဦးအနက် ညစောင့်လုပ်ကိုင်သူ အာကာ (ခ) ကျော်သက်ဖြိုး (၁၇)နှစ်ကို ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)ရှိ တည်းခိုခန်း၌ ဖမ်းဆီးစစ်ဆေးခဲ့သည်။
၎င်းကို စစ်မေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်နေ ကိုစိုင်း (ခ)စိုင်းဇာနည်ကျော် (၂၄)နှစ်နှင့် ရန်လင်းအောင်တို့ ပါဝင်ကြောင်းသိရှိရသဖြင့် ကိုစိုင်း (ခ) စိုင်းဇာနည်ကျော်ကို ဖမ်းဆီးခဲ့ပြီး ရန်လင်းအောင်ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။
၄င်းတို့ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားတစ်ချောင်း၊ သံနံချက်ကူတစ်ချောင်း၊ လုယူသွားခဲ့သည့် နားကပ်တစ်စုံတို့ကို နိုဝင်ဘာ ၅ ရက်၌ သိမ်းဆည်းခဲ့သည်။
အမှုနှင့်ပတ်သက်၍ ဖမ်းမိ တရားခံ အာကာ (ခ) ကျော်သက်ဖြိုး နှင့် ကိုစိုင်း (ခ)စိုင်းဇာနည်ကျော်တို့ကို ဆက်လက်စစ်ဆေးရာ နိုဝင်ဘာ ၁ ရက် မွန်းလွဲ၂ နာရီခန့်တွင် မဇင်းဆည် သွားသည့်လမ်း ဘုန်းကြီးကျောင်းအနီး၌ စုံတွဲနှစ်ဦးကိုဓားဖြင့် ခြောက်လှန့်ပြီး ၎င်းတို့ထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ Mi Note 5 ဖုန်း တစ်လုံး၊ ငွေကျပ် ၅၀ဝ၀ ပါ ပိုက်ဆံအိတ်တစ်လုံးတို့ကိုခြောက်လှန့် ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှတ်(၂)နယ်မြေ ရဲစခန်းက(ပ)၁၆၄၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ အရ ဆက်လက်အမှုဖွင့်အရေးယူထားသည်။

















