အရက်မူးနေသည့် ဖခင်၏ ကိုင်ဆောင့်လွှင့်ပစ်မှုကြောင့် လသားကလေး သေဆုံး

အရက်မူးနေသည့် ဖခင်၏ ကိုင်ဆောင့်လွှင့်ပစ်မှုကြောင့် လသားကလေး သေဆုံး

အရက်မူးနေသည့် ဖခင်အရင်းဖြစ်သူ၏ ကိုင်ဆောင့်လွှင့်ပစ်မှုကြောင့် တစ်လ၈ရက်အရွယ်လသားကလေး ဒဏ်ရာရ သေဆုံးမှု ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇိုင်းတောင်ရပ်ကွက်ရှိ မီးရထားသံလမ်းဘေး ကိုင်းတောတွင် ကလေးအလောင်း စွန့်ပစ်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းရာ အရက်မူးနေသည့် ဖခင်အရင်းဖြစ်သူ၏ ကိုင်ဆောင့်လွှင့်ပစ်မှုကြောင့် လသားအရွယ်ကလေးငယ်မှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မီးရထားသံလမ်းဘေး ကိုင်းတောထဲတွင် ကလေးအလောင်းတစ်လောင်းကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က အောက်တိုဘာ ၁၁ ရက်ညပိုင်း၌ လာရောက်စွန့်ပစ်သွားကြောင်း ဇိုင်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသဖြင့် သက်ဆိုင်ရာက စတင်စုံစမ်းစစ်ဆေးခဲ့သည့်အမှုဖြစ်သည်။

သေဆုံးသူ ယောကျာ်းလေး၏ ဖခင်ဖြစ်သူ သက်လင်း(၂၁)နှစ် နှင့် မိခင်ဖြစ်သူ ဇင်မာအေး(၂၀)နှစ်တို့က စွန့်ပစ်ခဲ့ကြောင်း စုံစမ်းပေါ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါ လင်မယားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အခင်းဖြစ်ညက ၎င်းတို့ လင်မယားနှစ်ဦးက အုတ်ကျင်းပိုင်းတွင် နေထိုင်သည့် ဦးလေးဖြစ်သူထံ အလည်သွားစဉ် သက်လင်းက ကလေးကို ပုဆိုးဖြင့်ထုပ်၍ ကျောပိုးလွယ်ပြီး ခေါ်ဆောင်လာစဉ် လမ်းတွင် သေဆုံးခဲ့သောကြောင့် မီးရထားသံလမ်းဘေး ကိုင်းတောထဲတွင် ကလေးအလောင်းကို စွန့်ပစ်ခဲ့ကြောင်း ကနဦးထွက်ဆိုခဲ့သည်။

ထို့နောက် ကလေးအလောင်းစွန့်ပစ်မှုနှင့် ပတ်သက်၍ ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းက (ပ)၁၅၃၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၁၈ ဖြင့် အမှုဖွင့်ပြီး ကလေးမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ကလေးအလောင်းကို ပဲခူးဆေးရုံကြီးသို့ ပို့အပ်၍ ဆေးစာထင်မြင်ချက်တောင်းခံခဲ့သည်။

နိုဝင်ဘာ ၅ ရက်တွင် ဆေးစာပြန်ကြားချက်အရ ကလေးငယ်မှာ ဦးခေါင်းခွံရိုး ချိုင့်ဝင်ဒဏ်ရာ၊ ဦးနှောက်အမှေးပါး သွေးသွန်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယင်းနောက် ဖမ်းဆီးထားသူ သက်လင်းနှင့် ဇင်မာအေးတို့ကို ထပ်မံစစ်ဆေးရာ အခင်းဖြစ်ညက ဇင်မာအေးက ဖယောင်းတိုင် သွားဝယ်စဉ် နေအိမ်တွင်ကျန်ခဲ့သည့် ကလေးငယ်မှာ ငိုနေသဖြင့် ဖခင်ဖြစ်သူ သက်လင်းက ကလေးဦးခေါင်းကို ကိုင်ပြီး ကြမ်းခင်းနှင့် ကိုင်ဆောင့်ကာ လွှင့်ပစ်သဖြင့် ကလေးမှာ သစ်သားတိုင်နှင့် ဆောင့်မိပြီး သေဆုံးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့် ၎င်းတို့လင်မယားနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ (၃၀၄-က/၃၁၈ မှ ၃၀၂/၃၁၈အရ ပြောင်းလဲ အမှုဖွင့် အရေးယူထားသည်။