အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးပြီး မန္တလေးသို့ ပို့ဆောင်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးပြီး မန္တလေးသို့ ပို့ဆောင်

မြန်မာ့သတ္တုတွင်းဥပဒေအရ အမှုဖွင့်ကာ တရားခံပြေးအဖြစ်ကြေညာထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးရမိထားပြီဖြစ်ရာ ယနေ့ နိုဝင်ဘာ ၆ ရက်တွင် လေကြောင်းဖြင့် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

'' ဒီနေ့ လေယာဉ်နဲ့ မန္တလေးကိုလွှဲပေးလိုက်ပါပြီ။ အမှုက ရမည်းသင်းမှာဆိုတော့ မန္တလေးမှာပဲ ဆက်စစ်ဆေးမလား ရမည်းသင်းကို ဆက်ပို့မလားဆိုတာကိုတော့ ပြောမရသေးဘူး” ဟု တာချီလိတ်မြို့နယ်ရဲမှူးက ပြောသည်။

နိုင်ငံတော်သို့ ပေးဆောင်ရန် ရွှေပိဿာချိန်များ ပေးဆောင်ခြင်းမရှိသည့်အပြင် ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀ဝ၀ ကျော်တွင် ရွှေလုပ်ကွက်များတူးဖော်လုပ်ကိုင်နေခြင်းကြောင့် မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အရ ဦးစိုးထွန်းရှိန်ပါ ၄ ဦးကို သက်ဆိုင်ရာက တရားခံပြေးအဖြစ်ကြေ ညာခဲ့ခြင်းဖြစ်သည်။

" မွန်းလွဲ ၂ နာရီခွဲ လေယာဉ်နဲ့ တာချီလိတ်လေဆိပ်ကနေ မန္တလေးလေဆိပ်ကို လုံခြုံရေး အစောင့်အရှောက်နဲ့ ခေါ်သွားတယ်။ ခရီးသည်တွေ အကုန်တက်ပြီးမှ သူ့ကို လေယာဉ်ပေါ်ကို အစောင့်အရှောက်နဲ့ထီးတွေနဲ့ကာပြီး တင်ခေါ်သွားတာ"ဟု တာချီလိတ်မြို့ခံ သတင်းထောက်တစ်ဦးက ပြောသည်။

၄င်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့သုဝဏ္ဏဘူမိလေဆိပ်၌ အောက်တိုဘာလအတွင်းကတွေ့ရှိကြောင်း မှတ်တမ်း ဓာတ်ပုံအထောက်အထားများ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာက ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ဖမ်းဆီးရမိရေးအတွက် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

" သူ့ကို အခြားတရားခံတွေလို တံတားပေါ်မှာ လွှဲပေးခဲ့တာမဟုတ်ဘဲ ထိုင်းနိုင်ငံဘက်အခြမ်းက ရုံးဘက်မှာ လွှဲပေးခဲ့တယ်။ ဒီဘက်က ရဲတပ်ဖွဲ့အကြီးအကဲတွေ က သွားပြီးလွှဲပြောင်းယူခဲ့ပြီး လေကြောင်းလိုင်းနဲ့ မန္တလေးကို ပို့တယ်လို့ သိရတယ်။ လေယာဉ်ပေါ်မတက်ခင် လေဆိပ်အနီးက ဟောင်လိတ်ရဲကင်းစခန်းမှာ လုံခြုံရေးတွေနဲ့ ထားထားတယ်" ဟု တာချီလိတ်မြို့ခံ သတင်းထောက်က ဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး