ရွာတော်ရှင်နတ်နန်းအနီးအပေါ့သွားသူ ဓားနှင့်အထိုးခံရသဖြင့် သေဆုံး

ရွာတော်ရှင်နတ်နန်းအနီးအပေါ့သွားသူ ဓားနှင့်အထိုးခံရသဖြင့် သေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရွာတော်ရှင်နတ်နန်းအနီး အပေါ့သွားသူ ဓားနှင့်အထိုးခံရပြီးသေဆုံးမှုမှ ကျူးလွန်သူသုံးဦးကို ရဲတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၅ရက် ည၉နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်း(၁၆၈)ရပ်ကွက်၊ဗိုလ်မင်းခေါင်လမ်း၌လူတစ်ဦး ဓားထိုးခံရသဖြင့် ဆေးရုံသို့ ရောက်နေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

ဒဏ်ရာရရှိသူမှာ အဆိုပါရပ်ကွက်နေ တင်ထွန်းနိုင်(ခ)နိုင်ဖြိုး(၂၅)နှစ်ဖြစ်ပြီး ဝဲဘက်ဆီးခုံ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိထားကာ သတိကောင်းစွာမရသဖြင့် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် လွှဲပြောင်းကုသခဲ့ရသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ တင်ထွန်းနိုင်(ခ)နိုင်ဖြိုးသည်(၁၆၈)ရပ်ကွက်၊ဗိုလ်မင်းခေါင်လမ်း၊ရွာတော်ရှင်နတ်နန်းဘေးတွင် အပေါ့သွားစဉ် အနီး၌ရှိသောကိုဖြိုး၊ ငြိမ်းချမ်း၊ ဖိုးသားတို့သုံးဦးက ဟန့်တားပြောဆိုကြရာမှ အပြန်အလှန်စကားများပြီး ခိုက်ရန်ဖြစ်ပွားစဉ် ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဓားဖြင့်ထိုးသူသုံးဦးကို အရေးယူပေးရန်အတွက် သက်ဆိုင်ရာက အမှုဖွင့်တိုင်ကြားခဲ့ရာ ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၁၇၉၂/၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၂၆/၁၁၄အရ အမှုဖွင့်ပြီး ဒုရဲအုပ်အောင်မြင့်မြတ်က စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ၁၀၄ ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်း ကိုဖြိုး(ခ) သန့်ဇင်ဖြိုး(၂၃)နှစ်ကို အခင်းဖြစ်ပွားပြီး ၃ နာရီအကြာတွင် စခန်းမှူးဒုရဲမှူးကျော်ဝင်း မောင်နှင့်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဒဏ်ရာရရှိသူ တင်ထွန်းနိုင်(ခ)နိုင်ဖြိုးမှာ ရရှိသည့်ဒဏ်ရာဖြင့် နံနက် ၃ နာရီခန့်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံ၌ သေဆုံးသွားခဲ့ပြီး အလောင်းကိုဆေးရုံက ပီအာရ် ၇၁ ဖြင့် လက်ခံခဲ့သည်။

ဖမ်းဆီးရမိသည့် ကိုဖြိုး(ခ)သန့်ဇင်ဖြိုးကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင် ငြိမ်းချမ်းနှင့်ဖိုးသားဆိုသူတို့ပါဝင်ကြောင်း ပြောပြသိရပြီးနောက် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ၎င်းတို့နှစ်ဦးက သေဆုံးသူ၏ နေအိမ်အနီး ၃ အိမ်ခန့်သို့လာရောက်စဉ် ရဲတပ်ဖွဲ့ဝင်တို့က ဝင် ရောက်လုံးထွေးဖမ်းဆီးခဲ့သည်။

အခင်းဖြစ်စဉ်က ကိုင်ဆောင်အသုံးပြုခဲ့သော ဓားတစ်ချောင်း၊ဓားအိမ်တစ်ခုနှင့်ဖုန်းတစ်လုံးတို့ကိုအဝတ်နှင့်ပတ်ကာ၈၅ရပ်ကွက်ရှိလယ်ကွင်းတွင် ဖွက်ထားကြောင်း ပြောပြသိရသဖြင့် ဆက်လက်သိမ်းဆည်းခဲ့သည်။

၎င်းတို့သုံးဦးကို အမှုနှင့်ပတ်သက်၍ စစ်မေးရာ ရွာတော်ရှင်နတ်နန်းအနီးရှိနေစဉ်သေဆုံးသူက နတ်နန်းအနီးရောက်ရှိလာကာအပေါ့သွားသဖြင့် ၎င်းတို့က မသွားရန်ပြောရာမှ စကားများရန်ဖြစ်စဉ် အသင့်ပါလာသောဓားနှင့်တစ်ချက်ထိုးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးပုဒ်မ-၃၂၆/၁၁၄ မှ ရာဇသတ်ကြီးပုဒ်မ - ၃၀၂/၁၁၄ သို့ ပြောင်းလဲ အမှုဖွင့်အရေးယူထားသည်။