အစိုးရက အတိုက်အခံနိုင်ငံရေးသမားကို ဖိနှိပ်ရာမှာ အသုံးပြုတဲ့ဥပဒေလက်နက်များ

အစိုးရက အတိုက်အခံနိုင်ငံရေးသမားကို ဖိနှိပ်ရာမှာ အသုံးပြုတဲ့ဥပဒေလက်နက်များ

အိန္ဒိယတိုက်ငယ်ကို အင်္ဂလိပ်နယ်ချဲ့တို့က အပြီးအပိုင်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ၁၈၆၀ ပြည့်နှစ်မှာ The IndianPenal Codeကို ပြဋ္ဌာန်းခဲ့ကြတယ်။ အဲဒီလို ပြဋ္ဌာန်းခဲ့ချိန်မှာ အစိုးရအနေနဲ့ အတိုက်အခံနိုင်ငံရေးသမားများကို အရေးယူနိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက်အဖြစ်ပုဒ်မ ၅၀၅ ပါဝင်ခဲ့တာကို တွေ့ရတယ်၊ အဲဒီပြစ်မှုအတွက် ပြစ်ဒဏ်က ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ဆိုတော့ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာတော့ အင်္ဂလိပ်အုပ်စိုးမှုကို ဆန့်ကျင်စည်းရုံးမှုတွေ တဖြည်းဖြည်းများလာလို့နဲ့ တူပါရဲ့၊ ၁၈၇၀ ပြည့်နှစ်ကျတော့ ပြစ်မှုမြောက်မှု ပိုမိုကျယ်ပြန့်ပြီး အလွန်ကြီးလေးတဲ့၊ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်တဲ့ပုဒ်မ ၁၂၄ -က ကို ဖြည့်စွက်ပြဋ္ဌာန်းလာခဲ့ပါတယ်။ ၁၈၉၈ ခုနှစ်မှာတော့ အက်ဥပဒေအမှတ်(၄)အရ ပိုမိုတိကျတဲ့ စကားလုံးများနဲ့ ရှင်းလင်းချက်များကိုဖြည့်စွက်ပြင်ဆင်ပြီး ယနေ့တည်ရှိနေတဲ့ပုဒ်မ ၁၂၄-က ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီပုဒ်မအရမဟတ္တမဂန္ဒီအပါအဝင်အိန္ဒိယလွတ်လပ်ရေးအတွက်စည်းရုံးလှုံ့ဆော်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံရေးသမားများ ထောင်ကျခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းအာဏာရအစိုးရက အတိုက်အခံနိုင်ငံရေးသမားအချို့ကိုဒီဥပဒေပုဒ်မနဲ့ တရားစွဲခဲ့တာတွေရှိခဲ့ပြီး တရားလွှတ်တော်အထိ အယူခံဝင်မှုတွေရှိခဲ့ရာမှာ အရှေ့ပန်ဂျပ်ပြည်နယ်နဲ့အာလာဟာဘဒ်ပြည်နယ် တရားလွှတ်တော်တွေက ပုဒ်မ ၁၂၄ -က ဟာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် (freedom of expression)နဲ့ ဆန့်ကျင်တဲ့အတွက် အာဏာမတည်ပျက်ပြယ်တယ်လို့ ထုံးဖွဲ့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့လို့အိန္ဒိယတရားလွှတ်တော်ချုပ်ကတော့ အိန္ဒိယနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ယှဉ်တွဲသုံးသပ်ပြီး ပုဒ်မ ၁၂၄- က ကို လျှော့ပေါ့စွာ အဓိပ္ပာယ်ကောက်ယူခဲ့ပါတယ်။

ဒီဥပဒေက ၁၈၆၁ ခုနှစ်၊ မေ ၁ ရက်ကစပြီး အင်္ဂလိပ်-မြန်မာ ပထမနဲ့ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်ကသိမ်းယူခဲ့တဲ့မြန်မာပြည်အောက်ပိုင်းမှာ အာဏာတည်ခဲ့ပြီး ၁၈၈၆ ခုနှစ်နောက်ပိုင်းကျမှသာ လက်ရှိမြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာဒီဥပဒေအာဏာတည်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဥပဒေကိုရာဇသတ်ကြီးလို့ မြန်မာပြန်ဆို သုံးစွဲလာခဲ့ကြတယ်။ ဒါပေမဲ့ ဥပဒေပြုအဖွဲ့က အတည်ပြုပြဋ္ဌာန်းခြင်းမရှိတဲ့အပြင် ရုပ်သိမ်းပြီးဖြစ်တဲ့ ၁၉၄၈ ခုနှစ်၊ မြန်မာဘာသာပြန်ဥပဒေနှင့် ဥပဒေဝေါဟာရအက်ဥပဒေနှင့် တည်ဆဲဥပဒေဘာသာပြန်ကော်မရှင်ဥပဒေတို့အရလည်း မူလဥပဒေနှင့်အတူ အတည်ဖြစ်ရမယ်လို့ တရားဝင်ကြေညာထားခြင်းမရှိတာကြောင့် ရာဇသတ်ကြီးဆိုတာ ပြည်သူအများနားလည်စေဖို့ ဥပဒေကို ဘာသာပြန်ဆိုချက်မျှသာဖြစ်ပြီး ဥပဒေအဖြစ် သတ်မှတ်လို့မရပါဘူး။ ရာဇသတ်ကြီးပါဝေါဟာရတစ်ခုရဲ့ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုပေါ်ပေါက်ရင် မူရင်းဥပဒေဖြစ်တဲ့ Penal Code ပါ အင်္ဂလိပ်ဝေါဟာရရဲ့ အဓိပ္ပာယ်ကိုသာယူရမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာအစိုးရက နိုင်ငံရေးသမားတွေကိုပုဒ်မ ၁၂၄- က အရတရားစွဲဆိုမှုတွေရှိခဲ့သော်လည်း တရားလွှတ်တော်နဲ့တရားလွှတ်တော်ချုပ်အထိရောက်ရှိပြီး စီရင်ထုံးဖွဲ့ခဲ့တဲ့အမှုကအလွန်နည်းပါတယ်။ ဒီပုဒ်မဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှုရှိမရှိဆိုတဲ့ ပြဿနာနဲ့ပတ်သက်လို့ ဆုံးဖြတ်ထုံးဖွဲ့ထားတာကိုလည်း မတွေ့ရှိရပါဘူး။ ပုဒ်မ ၁၂၄- က အရ စီရင်ထုံးနည်းတာက အောက်မှာ ဆက်လက်ဖော်ပြမယ့် ဥပဒေအသစ်တွေပြဋ္ဌာန်းခြင်းဟာ အဓိကအကြောင်း ဖြစ်နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးလို့ အင်္ဂလိပ်အစိုးရပြန်ဝင်လာပြီးနောက် ၁၉၄၇ ခုနှစ်မှာတော့The Public Order(Preservation) Act  ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေခေါင်းစဉ်အရ ပြည်သူ့ငြိမ်ဝပ်ပိပြားရေးဆိုပေမဲ့အတွင်းသားကိုကြည့်ရင် အဲဒီအချိန်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေးအတွက်စည်းရုံးလှုံ့ဆော်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖိနှိပ်ချုပ်ချယ်ဖို့အတွက်ရည်ရွယ်တယ်ဆိုတာ ထင်ရှားပါတယ်။ 

၁၉၅၀ ပြည့်နှစ်ကျပြန်တော့ အရေးပေါ်စီမံမှု အက်ဥပဒေကို အဲဒီတုန်းက အာဏာရပါတီဖြစ်ခဲ့တဲ့ ဖဆပလအစိုးရက ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ဒီဥပဒေရဲ့မူလရည်ရွယ်ချက်က နိုင်ငံတော်ကို ပုန်ကန်သောင်းကျန်းသူများကို နှိမ်နင်းရန်ဖြစ်သော်လည်း နောက်ပိုင်းတွင်အစိုးရအဆက်ဆက်အဖို့ အတိုက်အခံနိုင်ငံရေးသမားများကို နှိမ်နင်းရာမှာ အကောင်းဆုံးလက်နက်ဖြစ်လာခဲ့ပါတော့တယ်။ ၁၉၆၂ မှ ၁၉၇၃ ခုနှစ်ကာလနဲ့ ၁၉၈၈ မှ၂၀၁၀ ပြည့်နှစ်ကာလတွေအတွင်းမှာတော့ အစိုးရများဟာ ဥပဒေအရ တည်ထောင်ထားတဲ့အစိုးရများ မဟုတ်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄- က အရတရားစွဲဆိုခွင့်မရတော့လို့ အရေးပေါ်စီမံမှု အက်ဥပဒေအရပဲ အတိုက်အခံနိုင်ငံရေးသမားတွေကို တရားစွဲခဲ့ရပါတယ်။ အကြောင်းကတော့ ပုဒ်မ ၁၂၄ -က အရတရားစွဲနိုင်ဖို့အတွက်  အင်္ဂါတစ်ရပ်က အစိုးရဟာ ဥပဒေအရတည်ထောင်ထားတဲ့ အစိုးရဖြစ်ဖို့ လိုအပ်တာကြောင့်ပါ။ ဒီဥပဒေကိုတော့ အတိုက်အခံဘဝမှာ လက်တွေ့ခံစားခဲ့ရတဲ့လက်ရှိအစိုးရက ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်မှာတော့ "နိုင်ငံတော်ကို ဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့်ဥပဒေ" ကို ပြဋ္ဌာန်းခဲ့ပြန် ပါတယ်။  ဒီဥပဒေ ပုဒ်မ ၃ အရလမ်းစဉ်ပါတီနဲ့ လက်အောက်ခံအဖွဲ့အစည်းများအား ပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေရန်ပြုလုပ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊  အားထုတ်ခြင်း၊ ပါတီလျှို့ဝှက်ချက်များကိုရယူရန်ပူးပေါင်းကြံစည်းခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အားထုတ်ခြင်း၊ အားပေးကူညီခြင်းဆိုတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင်ထောင်ဒဏ်အနည်းဆုံး (၃) နှစ်မှ အများဆုံး (၁၄)နှစ်အထိ၊ ငွေဒဏ်အများဆုံး ကျပ်ငါးထောင်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အလွန်ပြင်းထန်တဲ့ပြစ်ဒဏ်ပါပဲ။ သို့သော် ဝန်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှသာ တရားစွဲဆိုခွင့်ရှိပါတယ်။ ဒီဥပဒေကတော့ လမ်းစဉ်ပါတီနှင့်အတူပျောက်ကွယ်သွားပြီဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ "နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ဒီဥပဒေအရအရေးယူနိုင်တဲ့ နည်းလမ်းသုံးသွယ်ရှိပါတယ်။

(၁)    အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံသားများရဲ့ မူလအခွင့်အရေးကို ကန့်သတ်ခြင်း။ (နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)မှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးများ ဖြစ်ပါတယ်။ ဥပမာ၊ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဝေခွင့်ကို ကန့်သတ်ခြင်း)

(၂)    နိုင်ငံသားတစ်ဦး၏ မူလအခွင့်အရေးများကို ကန့်သတ်ခြင်း။ (ဥပမာ၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်မဆို အခြေချနေထိုင်ခွင့်ရှိသည်ဟု မူလအခွင့်အရေးအဖြစ် သတ်မှတ်ထားသော်လည်း ယင်းအခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ခွင့်ရှိခြင်း ဖြစ်ပါတယ်။)

(၃)    ကြိုတင်ကာကွယ်ခြင်း။ (နိုင်ငံတော်အား ထိပါးမည့် အန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းအတွက် ဤဥပဒေအရ အရေးယူခြင်းခံရသူအား  တစ်ကြိမ်လျှင် ရက်ပေါင်း ၆၀ ထက် မပိုစေဘဲ စုစုပေါင်း ရက် ၁၈၀ အထိ ဖမ်းဆီး ချုပ်နှောင်ထားနိုင်ခြင်းနှင့် တစ်နှစ်အထိတားဆီးမှု ပြုလုပ်ခွင့်ရှိခြင်း ဖြစ်ပါတယ်။ ဥပမာ၊ အရေးယူခြင်း ခံရသူ၏ နေအိမ်တွင် ထိန်းချုပ်ထားခြင်း)။ 

ဒီဥပဒေကိုလည်း ၂၀၁၆ ခုနှစ်က ရုပ်သိမ်းထားပြီး ဖြစ်ပါတယ်။ 

၂၀၁၃ ခုနှစ်မှာ "ဆက်သွယ်ရေးဥပဒေ" ကို ပြဋ္ဌာန်းခဲ့ရာမှာတော့ ပြည်သူအကြားမှာ ဝေဖန်မှုတွေ အတော်ဆူညံခဲ့ပါတယ်။ဘာကြောင့်ဆိုတော့ အဲဒီဥပဒေပုဒ်မ ၆၆(ဃ)မှာပါတဲ့ပုဂ္ဂိုလ်တစ်ဦးဦးကို အသရေဖျက်မှုနဲ့ စွဲဆိုတဲ့အခါမှာ အစိုးရနဲ့ ပုဂ္ဂလိက ပြည်သူတို့အနေနဲ့ တူညီတဲ့အခွင့်အရေးမရရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဒီဥပဒေပုဒ်မ ၈၁(ခ) အရ ဒီဥပဒေပါပြစ်မှုတစ်ရပ်ရပ်နှင့် တရားစွဲဆိုချင်ရင် အစိုးရ၊ (ဆက်သွယ်ရေးဝန်ကြီးဌာန)ရဲ့ ကြိုတင်ခွင့်ပြုမိန့်ရမှသာ တရားစွဲဆိုခွင့်ရှိတာကြောင့် အစိုးရအနေနဲ့လွတ်လပ်စွာတရားစွဲဆိုခွင့်ရှိသော်လည်း ပုဂ္ဂလိကပြည်သူတွေအနေနဲ့တော့ အစိုးရကခွင့်မပေးရင် တရားစွဲဆိုခွင့်မရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ပြင် ပုဒ်မ ၆၆ အရစွဲဆိုတဲ့ ပြစ်မှုများအားလုံးဟာ တရားရုံးက အာမခံမပေးနိုင်တဲ့ပြစ်မှုများဖြစ်လို့ တရားစွဲဆိုခြင်းခံရတဲ့တရားခံဟာ စတင်ဖမ်းဆီးခံရချိန်ကစပြီး အမှုကိုဆုံးဖြတ်ပြီးချိန်အထိ အချိန်ကာလကြာမြင့်စွာချုပ်နှောင်ထားခြင်းခံနေရမှာဆိုတော့ တရားရုံးက အပြစ်မရှိဟုဆုံးဖြတ်ပြီး လွှတ်စေကာမူ တရားခံအနေဖြင့် အပြစ်မရှိဘဲ ချုပ်နှောင်ခံထားရခြင်းအတွက်များစွာ နစ်နာမှုရှိမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီဥပဒေကို ၂၀၁၆ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့တဲ့အခါမှာတော့ ပုဒ်မ ၆၆ (ဃ)ပါအသရေဖျက်မှုအတွက် မူလကထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ခွင့်အစား ထောင်ဒဏ်(၂)နှစ်အထိ ချမှတ်ခွင့်ရှိခြင်းလို့ ပြင်ဆင်လိုက်တဲ့အတွက် အဲဒီပြစ်မှုဟာ တရားရုံးက အာမခံပေးနိုင်တဲ့ ပြစ်မှုဖြစ်လာတာကြောင့် အထက်မှာဖော်ပြခဲ့တဲ့နစ်နာမှုမျိုး မရှိတော့သော်လည်း အစိုးရ၏ ခွင့်ပြုချက်ရမှ တရားစွဲဆိုခွင့်ရှိခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခြင်းမရှိတာကြောင့် အစိုးရက အသာစီးရနေလျက်ရှိဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေသမားများအနေနဲ့ သိထားသင့်တဲ့အချက်တစ်ချက်ကအသရေဖျက်မှုကို ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးကျူးလွန်တဲ့ကိစ္စမှာ ဆက်သွယ်ရေးဥပဒေအရ အစိုးရထံခွင့်ပြုချက်တောင်းပြီး တရားစွဲဆိုတဲ့ နည်းလမ်းကိုမလိုက်ဘဲ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ အရ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခွင့်ရှိတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ အကြောင်းကတော့ ရာဇသတ်ကြီးပုဒ်မ ၄၉၉ တွင် ပြဋ္ဌာန်းထားချက်အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး အသရေဖျက်ခြင်းလည်း အသရေဖျက်မှုတွင်အကျုံးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။

ဒီတော့ လက်ရှိအခြေအနေအရအစိုးရအနေနဲ့ အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်နိုင်တဲ့ လက်နက်အဖြစ်ရာဇသတ်ကြီးပုဒ်မ ၁၂၄ -က၊ ပုဒ်မ ၅၀၅ နှင့် ဆက်သွယ်ရေးဥပဒေတို့သာ ကျန်ရှိနေပါတော့တယ်။ ဆက်သွယ်ရေးဥပဒေကိုတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ပြင်ဆင်ပြီးဖြစ်လို့ (အစိုးရရဲ့ခွင့်ပြုချက်ရမှ တရားစွဲဆိုခွင့်ရှိခြင်းကိစ္စမှအပ) နှစ်ဦးနှစ်ဖက်အတွက်တရားမျှတတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ရာဇသတ်ပုဒ်မ ၅၀၅ အရ၊ တပ်မတော်အရာရှိ သို့မဟုတ် တပ်သားအား ပုန်ကန်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းဖြစ်စေရန်၊ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်စေသည့်ပြစ်မှုကို ကျူးလွန်စေရန်၊ အများပြည်သူအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်းဖြစ်စေရန်၊ လူအမျိုးအစားအချင်းချင်း၊ လူမျိုးစုအချင်းချင်း တစ်ဖက်နှင့်တစ်ဖက်ပြစ်မှုကျူးလွန်စေရန်တစ်နည်းနည်းဖြင့် လှုံ့ဆော်ခြင်းအတွက် နှစ်နှစ်အထိထောင်ဒဏ် သို့မဟုတ် ငွေဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပြစ်မှုတွေက အာမခံမပေးနိုင်တဲ့ပြစ်မှုဖြစ်နေတာကြောင့် အထက်မှာဆက်သွယ်ရေးဥပဒေကို မပြင်မီကအခြေအနေနှင့်ပတ်သက်လို့ သုံးသပ်ခဲ့တဲ့အတိုင်း တရားခံဘက်ကကြည့်ရင် တရားမျှတမှုမရှိသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပုဒ်မကိုလည်း အာမခံပေးနိုင်တဲ့ ပုဒ်မအဖြစ် ပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

အစိုးရက အတိုက်အခံနိုင်ငံရေးသမားတွေကိုဖိနှိပ်ရာမှာ အသုံးပြုတဲ့ အပြင်းထန်ဆုံးလက်နက်အဖြစ် ကျန်ရှိနေတဲ့ ဥပဒေကတော့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄- က(အကြည်ညိုပျက်အောင်ပြုခြင်း)ပဲ ဖြစ်ပါတယ်။ အာမခံမပေးနိုင်တဲ့ ပြစ်မှုလည်းဖြစ်ပါတယ်။ မိမိတို့၏ နိုင်ငံကျွန်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းအားထုတ်ကြတဲ့တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေကို ဗြိတိသျှကိုလိုနီအစိုးရက ရက်ရက်စက်စက်ဖိနှိပ်ဖို့အတွက် ပြဋ္ဌာန်းခဲ့တဲ့ဥပဒေပါ။ ဓာတ်ပုံမိတ္တူကို ဖတ်ကြည့်လိုက်ပါဦး။ နိုင်ငံရေးသမားတစ်ဦးက ပြည်သူအများအတွက် ကောင်းစေလိုလို့ သဘောရိုးနဲ့ အစိုးရကို ဝေဖန်ချက် မှန်သမျှဟာ ဒီပုဒ်မအရပြစ်မှုဖြစ်မြောက်နေတာကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။

စာဖတ်သူတွေထဲမှာ "ရှင်းလင်းချက်(၁)နှင့်(၂) တို့အရ ခုခံချေပရင် ပြစ်မှုမမြောက်တဲ့အတွက် တရားစွဲခံရရင်တောင်အမှုမှလွတ်မြောက်နိုင်ပါတယ်" လို့ ပြောချင်သူတွေလည်း ရှိနိုင်ပါတယ်။ ဒါက နှစ်ဖက်သက်သေများစစ်ဆေးစဉ်အနည်းဆုံး (၆)လမှ (၁) နှစ်ကျော်လောက်အချုပ်ခံရပြီးနောက်မှရနိုင်တဲ့ အခွင့်အရေးပါ။

ဒီတော့ အာဏာရ၊ မရနိုင်ငံရေးသမားတွေ အနေနဲ့"မိမိတို့ အာဏာရတယ်ဆိုတာ ထာဝရမဟုတ်၊ တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင်ခံ" ဆိုတဲ့ နိုင်ငံရေးလောကဓံတရားကို သတိရကြပြီး ဒီပုဒ်မကိုပယ်ဖျက်မလား၊ ပြင်ဆင်မလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားသင့်ကြပါတယ်။ တချို့သော အစွန်းရောက်သမားတွေရဲ့ အစိုးရအား မလိုတမာနှောင့်ယှက်မှုကို ကာကွယ်ရန် လိုအပ်သေးတယ်လို့ ယူဆရင်တော့ အဲဒီပုဒ်မပါ ထောင်ဒဏ်အနှစ် ၂၀၊ ထောင်ဒဏ် ၇ နှစ်ဆိုတာတွေအစား အများဆုံး ထောင်ဒဏ် ၃ နှစ်အထိနဲ့အာမခံပေးနိုင်သော ပုဒ်မအဖြစ် ပြင်ဆင်ပေးမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်အတွက် တရားမျှတမှုရှိမှာ ဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021