ထိပ်ဆုံးက မြင်းနှစ်ကောင်းပြိုင်ပွဲက တိုက်စစ်တွေ အသီးသီးကောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ လီဗာပူးလည်း ဂိုးသွင်းမယ်၊ မန်စီးတီးလည်း ဂိုးသွင်းမယ်ဆိုတာ . . .
ဒီတစ်ပတ် ပရီမီယာလိဂ် စူပါဆန်းဒေးကတော့ စိတ်ဝင်စားဖွယ်အပြည့်နဲ့ ဖြစ်နေပါပြီ။ ပရီမီယာလိဂ် ချန်ပီယံပြေးလမ်းက မြင်းနှစ်ကောင်တွေ့နေကြလို့ပါ။ မနှစ်က ပရီမီယာလိဂ် ပန်းအဝင်မှာ မန်ချက်စတာစီးတီးက နှာတစ်ဖျားအသာ တစ်မှတ်အကွာနဲ့ ပန်းဝင်သွားလို့ လီဗာပူးတို့အတွက် မခံချိမခံသာအဖြစ်နဲ့ကြုံတွေ့သွားခဲ့ရပါတယ်၊ မန်ချက်စတာစီးတီးရဲ့ ဂျော်ကီဂွာဒီယိုလာအတွက် အောင်ပွဲဖြစ်ခဲ့ပေမဲ့ လီဗာပူးဂျော်ကီ ယာဂင်ကလော့အတွက် ခံပြင်းစရာဖြစ်သွားခဲ့ရပါတယ်။ အခုတော့ ပရီမီယာလိဂ်ရဲ့ ထိပ်သီးဂျော်ကီနှစ်ဦး ထိပ်တိုက်တွေ့လာပါပြီ၊ ဒီရာသီ ပရီမီယာလိဂ် ချန်ပီယံပြေးလမ်းက မြင်းနှစ် ကောင်ဖြစ်တဲ့ လီဗာပူနဲ့ မန်စီးတီးကို သူတို့ဘယ်လို စီးနှင်းမောင်းနှင်ကြမလဲ။စိတ်ဝင်စားဖို့ကောင်းလိုက်တဲ့ သီတင်းပတ်ပါပဲ။
အခုပရီမီယာလိဂ် ၁၁ ပွဲ ကစားပြီးသွားပါပြီ၊ မနှစ်က ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ လီဗာပူးဟာ ဦးဆောင်နေပါတယ်၊ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အမှတ်တွေက ဘယ်လောက်တောင်ကွာဟနေပြီလဲ၊ ခြောက်မှတ်ပဲ ကွာဟနေပါတယ်။ လီဗာပူးဟာ ခြောက်မှတ်အသာနဲ့ ဦးဆောင်နေပေမဲ့ အခုထိပ်တိုက်တွေ့တဲ့ပွဲမှာ လီဗာပူးနောက်ကောက်ချခံလို့မဖြစ်ပါဘူး။ ယာဂင် ကလော့ဟာ ဂွာဒီယိုလာကို နောက်ကောက်ကျသွားရင် မန်စီးတီးနဲ့ သုံးမှတ်အကွာပဲ ဖြစ်သွားတော့မှာဖြစ်လို့ ဒီပွဲက စိတ်ဝင်စားဖို့ကောင်းနေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဟာ ၁၁ ပွဲကစားအပြီးမှာ ၁ဝ ပွဲနိုင် တစ်ပွဲသရေရှုံးပွဲမရှိ ကစားထားပါတယ်။ မန်စီးတီးက ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။ ၁၁ ပွဲအပြီး အခြေအနေမှာ ခြေစွမ်းတည်ငြိမ်တာက လီဗာပူးဖြစ်နေပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ မနှစ်လောက် ခြေစွမ်းတည်ငြိမ်ခြင်းမရှိတဲ့အသင်းဖြစ်နေပါတယ်။ မန်စီးတီး ရှုံးခဲ့တဲ့နှစ်ပွဲက တန်းတက် နော်ဝစ်ချ်နဲ့ ဝုဗ်ဗာဟန်တန်တို့ကို ရှုံးခဲ့ပါတယ်။ တကယ်တမ်း ခြေစွမ်း တည်ငြိမ်ခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ လီဗာပူးဟာ အမှတ်တူနဲ့ ဖြစ်နေခဲ့မှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ဝုဗ်ဗာဟန်တန်ကို ရှုံးနိမ့်တဲ့ပွဲက အရမ်းကိုနစ်နာလွန်းတဲ့ပွဲဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာဖိကစားထားရင်းက ဃသကညအနမ တွေပေါက်ပြီး မထင်မှတ်ဘဲနဲ့ နှစ်ဂိုးသွင်းတာခံလိုက်ရတဲ့ပွဲ ဖြစ်ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ပွဲဖြစ်ပါတယ်။ နော်ဝစ်ချ်ကို အဝေးကွင်းမှာ ရှုံးတာထက် ဝုဗ်ကို အိမ်ကွင်းမှာရှုံးတာ အလွန်နစ်နာလှပါတယ်။ ဒီရာသီ မန်စီးတီးခြေစွမ်း မတည်ငြိမ်ခြင်းရဲ့ လက္ခဏာပဲဖြစ်ပါတယ်။
လီဗာပူးကျတော့ ခြေစွမ်းတည်ငြိမ်ပြီး အသင်းလိုက်စိတ်ဓာတ်လည်း ကောင်းနေတာတွေ့ရပါတယ်။ကံကောင်းခြင်းတွေကလည်း လီဗာပူးဘက်မှာရှိနေပါတယ်။ လီဗာပူးကံကောင်းတဲ့ပွဲက ဘယ်ပွဲလဲဆိုတော့ တန်းတက် ရှက်ဖီးလ်နဲ့ပွဲဖြစ်ပါတယ်။ တကယ်တော့ အဲဒီပွဲဟာ လီဗာပူး သရေကျရမယ့်ပွဲ၊ လီဗာပူး ဂိုးမသွင်းနိုင်ဖြစ်ရမယ့်ပွဲဖြစ်ပါတယ်။ ဝင်နယ်ဒန်သွင်းတဲ့ ဘောလုံးဟာ အားမပါလှပါဘူး၊ ရှက်ဖီးလ်ယူနိုက်တက် ဂိုးသမားထံ တည့်တည့်ရောက်သွားခဲ့ပါတယ်။ လီဗာပူးကံကောင်းချင်တော့ ရှက်ဖီးလ်ယူနိုက်တက် ဂိုးသမား ဟန်ဒါဆင်ဟာ မမှားသင့်တဲ့ အမှားကြီးလုပ်လိုက်တော့ ပေါင်ကြားကနေ ဂိုးဝင်သွားပြီး လီဗာပူး အနိုင်ရကာ အဖိုးတန် သုံးမှတ်ရသွားခဲပါတယ်။ ဒါဟာ လီဗာပူးရဲ့ ကံတရားဖြစ်ပါတယ်။
အသင်းလိုက်စိတ်ဓာတ်ကတော့ လီဗာပူးမှာ အပြည့်ရှိနေပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကို ကံကောင်းပြီးအနိုင်ရပြီးတော့ လက်စတာနဲ့ အိမ်ကွင်းမှာကစားရပါတယ်။ ၁-ဝ နဲ့လီဗာပူး ဦးဆောင်နေတာကို မိနစ် ၈ဝ မှာလက်စတာက ချေပဂိုးသွင်းလို့ ၁-၁ သရေကျတာ မိနစ် ၉ဝ အထိဖြစ်ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ လီဗာပူး ပင်နယ်တီရပြီး အနိုင်ဂိုးသွင်းသွားလို့ လီဗာပူးဟာ သရေကနေ အနိုင်သုံးမှတ်ရသွားခဲ့ပြန်ပါတယ်။ ဒီပွဲကိုတော့ကံတရားထက် လီဗာပူးရဲ့ ကြိုးစားအားကြောင့်လို့ သတ်မှတ်ပါတယ်။ ဒီပွဲပြီးတော့ မန်ယူနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကန်ရပါတယ်။ မန်ယူက ဦးဆောင်ဂိုးသွင်းပြီး အနိုင်ရနေခဲ့တာ ၈၄ မိနစ်အထိပဲဖြစ်ပါတယ်။ ပွဲပြီးဖို့ ၆ မိနစ်ပဲကျန်ပါတော့တယ်။ ဒါပေမဲ့ ကစားကွက်အသာနဲ့ ဖိကစားနေခဲ့တဲ့ လီဗာပူးဟာ ၈၅ မိနစ်မှာ ချေပဂိုးရသွားခဲ့ပါတယ်။ မိနစ် ၇ဝ မှာ လူစားဝင်လာတဲ့ လာလာနာက ချေပဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ လီဗာပူးရဲ့ ကစားအားကောင်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မန်ယူပွဲပြီးတော့ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲ ဖြစ်ပါတယ်။ စပါးက ပွဲအစစက္ကန့်ပိုင်းအတွင်းမှာ ဂိုးစသွင်းပြီး ဦးဆောင်ခဲ့တာ မိနစ်၅ဝ အထိဖြစ်ပါတယ်။ ဒါပေမဲ့ ၅၂ မိနစ်မှာ ချေပဂိုးရပြီး၁-၁ သရေကျခဲ့ကာ ၇၅ မိနစ်မှာ အနိုင်ဂိုးကို ပင်နယ်တီကနေသွင်းပြီး အနိုင်ရသွားခဲ့ပါတယ်။ လက်စတာပွဲမှာလည်း သရေကနေ ပင်နယ်တီရပြီး၊ စပါးပွဲမှာလည်းသရေကနေ ပင်နယ်တီရပြီး အနိုင်ရသွားခဲ့တာ ကြည့်လိုက်ရင် လီဗာပူးရဲ့ အသင်းလိုက် စိတ်ဓာတ်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ အဲဒီလိုပဲ စပါးပွဲပြီးတော့ ဗီလာနဲ့ပွဲလည်း လီဗာပူးဟာ ပင်နယ်တီရပြီး အရှုံးကနေ သရေ၊ သရေကနေ အနိုင်ရခဲ့ပြန်ပါတယ်။ ဗီလာဟာ ၁-ဝ နဲ့ အနိုင်ရနေခဲ့တာ ၈၆ မိနစ်အထိပဲဖြစ်ပါတယ်။ ပွဲပြီးဖို့လေးမိနစ်ပဲကျန်တော့တဲ့အချိန်မှာ လီဗာပူးဟာနှစ်ဂိုး သွင်းခဲ့ပါတယ်။ ၈၇ မိနစ်မှာ ချေပဂိုးသွင်းပြီး နာကျင်အချိန်ပို ၉၃ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့ပါတယ်။ တကယ့်မဖြစ်နိုင်ခြေ အချိန်တွေမှာ လီဗာပူးဟာလုပ်နိုင်နေတာ တွေ့ရပါတယ်။ ဒါဟာ လီဗာပူးရဲ့ အသင်းလိုက်စိတ်ဓာတ်အားပဲ ဖြစ်ပါတယ်။
ဒီရာသီ လီဗာပူးနဲ့မန်စီးတီးတို့ရဲ့ ကွာခြားမှုပဲ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ အသင်းလိုက် စိတ်ဓာတ်အားနဲ့ လီဗာပူးရဲ့ အသင်းလိုက်စိတ်ဓာတ်အားမှာ လီဗာပူးသာနေတဲ့အချက်ပဲ ဖြစ်ပါတယ်။အခုတော့ ဒီနှစ်သင်း ထိပ်တိုက်တွေ့နေပြီ ဖြစ်ပါတယ်။ အန်းဖီးလ်မှာ ဖြစ်နေပါတယ်။ မနှစ်ကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မန်စီးတီး ပင်နယ်တီရတာကို မာရက်ဇ်ကန်တာ မဝင်ခဲ့လို့ မန်စီးတီး နစ်နာသွားခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဒီပွဲမတိုင်ခင်မှာ ချန်ပီယံလိဂ်ပွဲတွေ ကစားထားရပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ဂျန့်နဲ့ကစားရတာဖြစ်ပြီး မန်စီးတီးက အဝေးကွင်းမှာ အတ္တလန္တာနဲ့ ကစားရတာဖြစ်ပါတယ်။ အဲဒီတော့ ပွဲပန်းတာခြင်းယှဉ်ရင် မန်စီးတီးက ပိုပြီးပွဲပန်းနေပါတယ်။ အီတလီကိုသွားရ၊ပြန်ရတဲ့ ခရီးပန်းမှုက မန်စီးတီးမှာ ရှိနေပါတယ်။ အခုကစားရမှာကလည်း အန်းဖီးလ်မှာ ဖြစ်နေပါတယ်။ မန်စီးတီးဟာ ဒီရာသီ ပရီမီယာလိဂ် အဝေးကွင်း ငါးပွဲကစားထားပြီး လေးပွဲနိုင်၊ တစ်ပွဲရှုံးထားပါတယ်။ ငါးပွဲမှာ ဂိုးသွင်းမခံရတဲ့ပွဲ နှစ်ပွဲသာရှိပါတယ်။ ပွဲတိုင်းမှာ ဂိုးသွင်းထားပြီး ၁၅ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ ခံစစ်ကငါးဂိုး အသွင်းခံထားရပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ငါးပွဲကစားထားပြီး ငါးပွဲစလုံး နိုင်ထားပါတယ်။ သွင်းဂိုး၁၄ ဂိုးရှိပြီး ပွဲတိုင်းမှာ တစ်ဂိုးအသွင်းခံထားရပါတယ်။
အဲဒီတော့ အခု ထိပ်ဆုံးက မြင်းနှစ်ကောင်းပြိုင်ပွဲက တိုက်စစ်တွေ အသီးသီးကောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ လီဗာပူးလည်း ဂိုးသွင်းမယ်၊ မန်စီးတီးလည်း ဂိုးသွင်းမယ်ဆိုတာ ထင်ရှားနေပါတယ်။ ဘယ်အသင်းက အမှားပိုများမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။နှစ်ဖက် ဂိုးသမားတွေက ဘရာဇီးလ်လက်ရွေးစင် ဂိုးသမားတွေဖြစ်နေပါတယ်။ လီဗာပူးနောက်တန်းက ဗန်ဒိုက်ဟာ မန်စီးတီး တိုက်စစ်က အဂွေရိုနဲ့ စတာလင်ကို ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။လီဗာပူးဟာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ တော့တင်ဟမ်တို့ကို အိမ်ကွင်းမှာ ၃-၁၊ ၂-၁ တို့နဲ့ နိုင်ခဲ့သလို အဝေးကွင်းမှာ ချယ်လ်ဆီးကို ၂-၁ နဲ့ နိုင်ပါတယ်။
မန်ယူကို ၁-၁ သရေကစားခဲ့ပါတယ်။ အဓိက ပြိုင်ဘက်တွေကို မရှုံးနိမ့်ခဲ့ပါဘူး။ ပွဲတိုင်းဂိုးသွင်းပြီး ပွဲတိုင်း ဂိုးသွင်းခံထားရပါတယ်။ မန်စီးတီးက တော့တင်ဟမ်နဲ့ပဲ ကစားထားရပါသေးတယ်။ အိမ်ကွင်းမှာ ၂-၂ သရေသာကစားနိုင်ခဲ့ပါတယ်။ အခုပွဲမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းမှာဖြစ်လို့ ဒီပွဲဟာ ဂိုးများမှာဖြစ်ပြီး လီဗာပူးဟာ အနိုင်ရသွားနိုင်ပါတယ်။ ဒီတစ်ကြိမ်မှာ ယာဂင်ကလော့ဟာ ဂွာဒီယိုလာကို အနိုင်ရယူသွားမယ်လို့ ယူဆနေမိပါရဲ့----။
















