အိမ်ကွင်းနိုင်ပွဲရ မန်ယူ ယူရိုပါလိဂ် (၃၂)သင်းရှုံးထွက် တက်ရောက်နိုင် မတ်တွန်မီနေး၏ဒဏ်ရာ စိုးရိမ်ရကြောင်း မန်ယူနည်းပြဆိုးလ်ရှားဆို

အိမ်ကွင်းနိုင်ပွဲရ မန်ယူ ယူရိုပါလိဂ် (၃၂)သင်းရှုံးထွက် တက်ရောက်နိုင် မတ်တွန်မီနေး၏ဒဏ်ရာ စိုးရိမ်ရကြောင်း မန်ယူနည်းပြဆိုးလ်ရှားဆို

မန်ယူအသင်းသည် နိုဝင်ဘာ ၇ ရက်က ယူရိုပါလိဂ် အုပ်စုပွဲအဖြစ် အိမ်ကွင်းတွင် ပါတီဇန်ဘဲလ်ဂရိတ်နှင့် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အုပ်စုနှစ်ပွဲ ကစားရန် ကျန်ရှိနေသော်လည်း ယူရိုပါလိဂ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မန်ယူပွဲထွက်လူစာရင်းတွင် မာရှယ်၊ ရက်ဖို့ဒ်၊ မာတာ၊ ဂရင်းဝုဒ်၊ ဖရက်ဒ်နှင့် မက်တွန်မီနေးတို့ ပါဝင်လာခဲ့သည်။ ဧည့်သည် ပါတီဇန်အသင်းတိုက်စစ်ကို အူမာဦးဆောင် ခဲ့ပြီး မန်ယူအားရင်ဆိုင်ခဲ့သည်။ မန်ယူသည် ပထမပိုင်း၌ပင် အဆုံးသတ် အားကောင်းခဲ့၍ နှစ်ဂိုးပြတ်နိုင်ခဲ့သည်။

မန်ယူအတွက် ဦးဆောင်ဂိုးကို ဂရင်းဝုဒ်က ပွဲချိန် (၂၁)မိနစ်တွင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မာရှယ်က (၃၃) မိနစ်၌ ဂရင်းဝုဒ်၏ဖန်တီးမှုမှတစ်ဆင့် သွင်းယူခဲ့သည်။ မန်ယူအတွက် တတိယဂိုးကို ရက်ဖို့ဒ်က ပွဲချိန် (၄၉)မိနစ် တွင်သွင်းပေးခဲ့၍ ဂိုးပြတ်နိုင်ခဲ့သည်။ မန်ယူသည် တစ်ပွဲ လုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု (၁၄)ကြိမ်ပြုလုပ်နိုင်ခဲ့ရာ ခုနစ်ကြိမ်ဂိုးပေါက်တည့်ခဲ့သည်။ မန်ယူသည် ယူရိုပါလိဂ် အုပ်စုလေးပွဲကစားပြီးချိန် သုံးပွဲနိုင် တစ်ပွဲသရေ ရဂိုးငါးဂိုး ပေးဂိုးမရှိဘဲ (၁ဝ)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင်ရပ်တည် နေသည်။

နည်းပြဆိုးလ်ရှားက ''၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက နှစ်လိုစရာကောင်းပါတယ်။ စိတ် ကျေနပ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ လူငယ်တွေကို လည်း နေရာပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ ပေးဂိုးမရှိအောင် ကစားထားပါတယ်''ဟု ပြောဆိုခဲ့သည်။

ပါတီဇန်ပွဲတွင် ကွင်းလယ်လူ မတ်တွန်မီနေးမှာ ခြေချင်း ဝတ်ဒဏ်ရာရရှိခဲ့၍ လူစားလဲခံခဲ့ရသည်။ နောက်ခံလူ မက်ဂွိုင်းယားမှာ ဒဏ်ရာမရှိကြောင်းနှင့် မတ်တွန်မီနေး၏ ဒဏ်ရာကိုသာ စိုးရိမ်နေကြောင်း နည်းပြဆိုးလ်ရှားက အသိပေးခဲ့သည်။ ယူရိုပါလိဂ်နိုင်ပွဲကို ပရီးမီးယားလိဂ်အထိ သယ်ဆောင်ရန်လည်း ဆိုးလ်ရှားက တောင်းဆိုထားသည်။ မန်ယူသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)တွင် ဘရိုက်တန်နှင့် တွေ့ဆုံနေသည်။



ဖတ်ရှုမှုအများဆုံး