အန်ဖီးလ်ပွဲမတိုင်မီ လီဗာပူးအသင်းအား နည်းပြဂွာဒီယိုလာ ချီးကျူး မန်စီးတီးဂိုးသမားအီဒါဆန် လီဗာပူးပွဲ ကစားနိုင်မည်မဟုတ်

အန်ဖီးလ်ပွဲမတိုင်မီ လီဗာပူးအသင်းအား နည်းပြဂွာဒီယိုလာ ချီးကျူး မန်စီးတီးဂိုးသမားအီဒါဆန် လီဗာပူးပွဲ ကစားနိုင်မည်မဟုတ်

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အန်ဖီးလ်ကွင်းသွား ရောက်ကစားရမည့် ပွဲကြီးပွဲကောင်းမတိုင်မီ ပြိုင်ဘက် လီဗာပူးအသင်းအား ချီးကျူးပြောကြားခဲ့ပြီး မာဆေးဆိုက် အခြေစိုက်အသင်းမှာ လက်ရှိအချိန်တွင် ကမ္ဘာ့အတောင့် တင်းဆုံးအသင်းဖြစ်နေဟု ညွှန်းဆိုခဲ့သည်။

မန်စီးတီးနှင့် လီဗာပူးတို့သည် ယမန်နှစ်ဘောလုံးရာသီက ပရီးမီးယား လိဂ်ချန်ပီယံဆုဆွတ်ခူးရရှိရန် နောက်ဆုံးပွဲအထိပြိုင်ဆိုင် ခဲ့ကြပြီး မန်စီးတီးက လေးမှတ်အသာဖြင့် လက်ရှိချန်ပီယံဆု ထိန်းသိမ်းနိုင်ခဲ့သည်။

လီဗာပူးသည် ယမန်နှစ်ပရီးမီး ယားလိဂ်တစ်ပွဲသာရှုံးခဲ့ပြီး မန်စီးတီးအား ဖိအားပေးနိုင် ခဲ့သည်။ လီဗာပူးသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ပုံစံကောင်းဖြင့်ကစားနေပြီး (၁၁)ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ဇယားထိပ်မှ ဦးဆောင်ကာ မန်စီးတီးအား အမှတ်ဖြတ်ထားသည်။

နည်းပြဂွာဒီယိုလာက ''ကျွန်တော်တို့ မနှစ်က ချန်ပီယံ ဆုဖလားရခဲ့တဲ့အချိန် ဘာပြောမိသလဲဆိုတော့ ပရီးမီးယား လိဂ်ရဖို့ ကျွန်တော့်နည်းပြဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲမှာ လီဗာပူးက အကောင်းဆုံးပြိုင်ဘက်လို့ ပြောခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံးအသင်းဖြစ်နေပါတယ်။ အန်ဖီးလ်ကွင်းကလည်း ကစားရ အင်မတန်ခက် တဲ့ ကွင်းတစ်ကွင်းဖြစ်ပါတယ်။ ဒါ့ထက် ပိုပြီးပြောရရင် ဥရောပမှာလည်း လီဗာပူးကွင်းက ပြိုင်ဘက်တွေအတွက် ကစားရခက်ပါတယ်။ မနှစ်က သူတို့ ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲရှုံးခဲ့တယ်။ ဒီနှစ် သူတို့မရှုံးသေးဘူး။ ပွဲများများ စားစား သူတို့ရှုံးမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမဲ့ ဘောလုံးရာသီက အဝေးကြီးလိုပါသေးတယ်''ဟု ၎င်း၏ အမြင်အတိုင်း သုံးသပ်ပြောကြားခဲ့သည်။

မန်စီးတီးအဓိကဂိုးသမား အီဒါဆန်မှာ အတ္တလန္တာနှင့် ပွဲတွင် ပေါင်ခြံဒဏ်ရာကြောင့် လီဗာပူးပွဲ၌ပါဝင်နိုင်မည် မဟုတ်ပေ။ အီဒါဆန်မပါနိုင်သော်လည်း ဂိုးသမားဘရာ ဗိုရှိနေကြောင်း၊ ဘရာဗိုမှာ ထူးခြားသည့်ဂိုးသမားဖြစ်ဟု ဂွာဒီယိုလာက ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး