တောင်ကွဲစေတီပွဲဈေး၌ ရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ် ထွက်ပြေးသူများကို ဖမ်းမိ

တောင်ကွဲစေတီပွဲဈေး၌ ရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ် ထွက်ပြေးသူများကို ဖမ်းမိ

လွိုင်ကော်မြို့နယ် တောင်ကွဲစေတီပွဲဈေးအတွင်း ကခုန်ရာမှ ခိုက်ရန်ဖြစ်ပွားစဉ် ဓားဖြင့်ထိုးသတ် ထွက်ပြေးတိမ်းရှောင်သူများ ကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

နိုဝင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါတခြား(ပအိုဝ့်)ကျေးရွာနေ မောင်အုန်းခိုင်သည် သူငယ်ချင်းဖြစ်သူ ချမ်းငြိမ်း၊ ထက်ဖြိုးဝေတို့ နှင့်အတူ ကျေးရွာမှ တောင်ကွဲစေတီပွဲတော်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့သည်။

ပွဲဈေးအတွင်းလှည့်လည်ကြည့်ရှုနေစဉ် ည ၉ နာရီတွင် ပွဲဈေးတန်း ပင်လယ်ဓားပြ အပျော်စီး လှေရှေ့အရောက် အနောက်မှ အမည်မသိ လူခြောက်ဦးလိုက်လာပြီး မောင်အုန်းခိုင်နှင့် ချမ်းငြိမ်းတို့ကို လက်သီးဖြင့်ထိုးသဖြင့် ချမ်းငြိမ်းလဲကျသွားခဲ့သည်။

ထိုသို့လဲကျစဉ် ၄င်းတို့ထဲမှ တစ်ဦးက ဓားမြှောင်ဖြင့်ထိုးသဖြင့် မောင်အုန်းခိုင်က ဝင်ဆွဲရာ ဓားမြှောင်နှင့် အထိုးခံရပြီး မောင်အုန်းခိုင်တွင် ယာဘက်နားထင်နှင့်ဦးခေါင်းနောက်စေ့ ဒဏ်ရာများ ရရှိခဲ့သည်။

ဓားဖြင့်ထိုးသူခြောက်ဦးမှာ မျက်နှာများကို မက်စ်(မျက်နှာဖုံး)များဖုံးထားသဖြင့် ၄င်းတို့ကို မမှတ်မိခဲ့ဘဲ ဓားဖြင့်ထိုးသူတို့ကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 

လွိုင်ကော်မြို့မရဲစခန်းက(ပ)၆၀၉/၁၉ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၂၃/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ ဓားဖြင့်အထိုးခံရသူ ချမ်းငြိမ်းမှာ သေဆုံးခဲ့သောကြောင့် မူလဖွင့်လှစ်ထားသည့် အမှုမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၁၁၄ အရပြောင်းလဲ အမှုဖွင့်လှစ်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ ခြောက်ဦးနှင့်ပတ်သက်၍ စခန်းမှူး ဒုရဲမှူး ဇော်မိုးဦးနှင့်အဖွဲ့က စုံစမ်းခဲ့ရာ ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးသည် ကိုဖြိုး(ခ) ကျော်သူစိုးပါ ခြောက်ဦးဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခွဲတွင် သိရှိခဲ့သည်။

၄င်းကို အမှုဖြင့် စစ်ဆေးနိုင်ရန်အတွက် စုံစမ်းရာ ယမန်နေ့ ညပိုင်းမှစတင်ကာ နေအိမ်သို့ပြန်လာခဲ့ခြင်းမရှိကြောင်း ကထိန်သို့ သွားရောက်နေကြောင်းသိရသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် သီဟစိုးနှင့်အဖွဲ့က ကထိန်းခင်းသည့် မိုးဗြဲကျေးရွာ ကောင်းဆောင်ဘုန်းကြီးကျောင်း၌ ကိုဖြိုး(ခ) ကျော်သူစိုး ကို ဖမ်းဆီးခဲ့သည်။

၄င်းကို စစ်မေးချက်အရ အခင်းဖြစ်စဉ်က မှတ်ကြီး(ခ)ရှိုင်းမင်းထွေးနှင့် ဖြိုးကျော်(ခ)မျိုးမြင့်မြတ်တို့ ပါရှိကြောင်းသိရသဖြင့် ဆက်လက်ဖမ်းဆီးခဲ့သည်။

၄င်းတို့ သုံးဦးကို စစ်ဆေးချက်အရ အခင်ဖြစ်ပွားစဉ်က တစ်ရပ်ကွက်တည်းနေ သက်ခွန်နောင်၊ မင်းကိုကိုနှင့်ထွန်းထွန်းနိုင်တို့ပါရှိကြောင်း၊ ပင်လယ် ဓားပြလှေတွင်ဖွင့်လှစ်ထားသည့်သီချင်းသံဖြင့် ကခုန်ရာမှ ခိုက်ရန်ဖြစ်ပွားကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊ ချမ်းငြိမ်းလဲကျသွားစဉ် ထွန်းထွန်းနိုင်က ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် သက်ခွန်နောင်၊ မင်းကိုကိုတို့ကို၄င်းတို့နေအိမ်များမှ ဖမ်းဆီးခဲ့ပြီး ဓားဖြင့်ထိုးကာ တိမ်းရှောင်နေသူ ထွန်းထွန်းနိုင်ကို မိုင်းလုံးရပ်ကွက်ရှိ ၄င်း၏ ရည်းစားဖြစ်သူနေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် အရိုးအသွား ကိုးလက်မခန့်ရှိ ခလုတ်ဓားကို အဆိုပါနေအိမ်ရှိ ခေါင်းအုံးအောက်တွင် သိမ်းထားကြောင်း ပြောပြပေးအပ်ခဲ့သဖြင့် သက်ဆိုင်ရာက သိမ်းဆည်းကာ ဆက်လက် အရေးယူဆောင်ရွက်ထားသည်။