ဖခင်ကိုတုတ်နှင့်ရိုက်သည့် အရက်မူးနေသောသားကို မိခင်က ပုလင်းကွဲဖြင့်ထိုးသတ်

ဖခင်ကိုတုတ်နှင့်ရိုက်သည့် အရက်မူးနေသောသားကို မိခင်က ပုလင်းကွဲဖြင့်ထိုးသတ်

ဝမ်းတွင်းမြို့နယ်တွင် အရက်မူးနေသည့်သားဖြစ်သူက ဖခင်ကို ဝါးတုတ်နှင့်ရိုက်စဉ် မိခင်က ထိုးကြိတ်ကာ ပုလင်းကွဲဖြင့်ထိုးသတ်မှုအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် သိရသည်။
 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၄၅မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် ကန်ကြီးကျေးရွာနေ သိန်းနိုင်(ခ)ဖိုးမဲသည် နေအိမ်ရှေ့မြေကြီးပေါ်၌ လည်ပင်းကြိုးတန်းလန်းနှင့် သေဆုံးနေကြောင်းသတင်းအရ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက သွားရောက်ကြည့်ရှုပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

သိန်းနိုင်(ခ)ဖိုးမဲတွင် မေးစေ့ပေါက်ပြဲ၊ယာမျက်လုံးဖူးရောင် ဒဏ်ရာများအပြင် လည်ပင်းတွင် အဝါရောင်နိုင်လွန်ကြိုးကွင်းစွပ်လျက် လျှာထွက်သေဆုံးနေသည်ကိုတွေ့ရှိရပြီး မျက်နှာတွင်လည်း တရွတ်တိုက်ဆွဲထားသည့် လက္ခဏာများ သက်ဆိုင်ရာက တွေ့ရှိခဲ့ကြသည်။

ကြိုးဆွဲချသေဆုံးသည့် လက္ခဏာမဟုတ်နိုင်ကြောင်း သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်သဖြင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးခဲ့သည်။

သေဆုံးသူနှင့်ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူသည် နိုဝင်ဘာ ၄ ရက်တွင် ထောင်မှလွတ်မြောက်လာပြီး နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဖခင်ဖြစ်သူနှင့်စကားများခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့စကားများစဉ် သေဆုံးသူက အရက်ပုလင်းနှင့်ရေအိုးများကို ရိုက်ခွဲခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ နံနက် ၉ နာရီတွင်အပြင်သို့ထွက်သွားခဲ့ပြီး ၁၀ နာရီအချိန်ပြန်ရောက်စဉ် သိန်းနိုင်(ခ)ဖိုးမဲမှာ နေအိမ်ထုတ်တန်း၌ ကြိုးဆွဲချသေဆုံးနေကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းရီက ကနဦးထွက်ဆိုခဲ့သည်။

ဝမ်းတွင်းမြို့နယ်ရွှေတောင်နယ်မြေရဲစခန်းက(ပ) ၂၁၂/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဝမ်းတွင်းမြို့မရဲစခန်းမှူး ရဲမှူးကျော်မြင့်ရွှေနှင့် အဖွဲ့က သေဆုံးသူ၏ ဖခင်၊ မိခင်နှင့် ညီမဖြစ်သူတို့ကို အသေး စိတ်စစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ အခင်းဖြစ်နေ့က သေဆုံးသူ သိန်းနိုင်(ခ)ဖိုးမဲသည် ဖခင်နှင့်စကားများပြီးဖခင်ကို ဝါးတုတ်ဖြင့်ရိုက်နေစဉ် မိခင်ဒေါ်သန်းရီရောက်လာကာ သိန်းနိုင်(ခ) ဖိုးမဲ၏ မျက်လုံးနှင့်ပါးစပ်ကိုလက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ၄င်းအရက်မူးသည့်အချိန်တိုင်းတွင် လုပ်နေကျဖြစ်သည့် ၄င်း၏လည်ပင်းကို ကြိုးစွပ်ချည်နှောင်ကာ တွဲလဲကျနေသည့် နိုင်လွန်ကြိုးကို ဆောင့်ဆွဲရာ သိန်းနိုင် (ခ)ဖိုးမဲ လဲကျသွားခဲ့သည်။

ထိုသို့လဲကျစဉ် အရက်ပုလင်းကွဲဖြင့် ၄င်း၏ မေးစေ့ကို ထိုးခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းရီ (၆၀ နှစ်)က သက်ဆိုင်ရာသို့ ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် ဖြောင့်ချက်ပေးခဲ့သည်။

သက်ဆိုင်ရာက အခင်းဖြစ်ရာတွင်အသုံးပြုသည့် အရက်ပုလင်းကွဲ အပိုင်းအစများနှင့်သက်သေခံ ပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက် အရေးယူထားသည်။