အမှတ်ပေးဇယားထိပ်၌ ရပ်တည်နေမှု ဖိအားတစ်စုံတစ်ရာမရှိကြောင်း ဂျာဂင်ကလော့ပ် အသိပေး

အမှတ်ပေးဇယားထိပ်၌ ရပ်တည်နေမှု ဖိအားတစ်စုံတစ်ရာမရှိကြောင်း ဂျာဂင်ကလော့ပ် အသိပေး

အိမ်ကွင်းတွင် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းအား သုံးဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့ပြီးနောက် ကိုးမှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့မှုက ဖိအား တစ်စုံတစ်ရာ မရှိ ကြောင်း လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသိပေးပြောကြားခဲ့သည်။

လီဗာပူးအသင်း သည် ယမန်နှစ်က ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးရရှိရန် နောက်ဆုံးပွဲအထိ ကြိုးစားခဲ့ သော်လည်း ၉၇ မှတ်ဖြင့် ချန်ပီယံမန်စီးတီးနှင့် တစ်မှတ် ကွာဟခဲ့၍ ကံခေခဲ့သည်။ လီဗာပူး သည် ယခုနှစ်၌မူ အကောင်းဆုံး ခြေစွမ်းဖြင့် ကစားနေပြီး ပွဲစဉ်(၁၂) ပြီးဆုံးချိန်၌ မန်စီး တီးအား ကိုးမှတ်ဖြတ်ကာ ဒုတိယနေရာမှ လက်စတာ၊ တတိယနေရာမှ ချယ်လ်ဆီးတို့ အား ရှစ်မှတ်စီ ဖြတ်ထားသည်။

ကလော့ပ်က "အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နေတာက ကျွန်တော်တို့အတွက် ဘာ ဖိအားမှ မရှိပါဘူး။ ရာသီရှည်သွားရဦးမှာပါ။ ကျွန်တော်တို့အမှတ်လည်း လျော့နိုင်ပါတယ်။ အချို့လူတွေကတော့ လီဗာပူးလည်း ရှုံးနိုင် တယ်လို့ အခိုင်အမာပြောကြတယ်။ ဒါက သိပ်ကို အဆိုးမြင်တဲ့ချဉ်းကပ်မှုဖြစ်ပါတယ်။ သေချာတာကတော့ ဘာကိုမှ ဂရုမစိုက်ပါဘူး။ ဒီနေ့ပွဲမှာဆိုရင် ပွဲကိုပဲ အပြည့်အဝ အာရုံစိုက် ခဲ့တယ်။ အမှတ်ပေးဇယားအနေအထားကို ဂရုစိုက်တာမျိုးမရှိပါဘူး။ မန်စီးတီးရဲ့အထက် အမှတ်ဘယ်လောက်များဖြတ်ပြီး ဦးဆောင် နိုင်မလားဆိုတာကိုလည်း မစဉ်းစားပါဘူး။ နိုဝင်ဘာလမှ မဟုတ်ပါဘူး၊ ကျွန်တော်တို့ မေလကျရင် ထိပ်ဆုံးမှာပဲရှိချင်ပါတယ်။ ကျွန် တော်တို့လုပ်နိုင်သမျှ ကြိုးစားသွားမယ်။ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ စောင့် ကြည့်ရမှာပါ"ဟု အသိပေးခဲ့သည်။

လီဗာပူး သည် လိဂ် ၁၂ ပွဲ ကစားပြီးချိန် ၁၁ ပွဲနိုင်၊ တစ်ပွဲသရေ၊ ၃၄ မှတ်ဖြင့် ဦးဆောင်နေသည်။



ဖတ်ရှုမှုအများဆုံး