လီဗာပူးအား အမီလိုက်နိုင်၊ မလိုက်နိုင်ကို တန်ခိုးရှင်မဟုတ်၍ မသိနိုင်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာဆို

လီဗာပူးအား အမီလိုက်နိုင်၊ မလိုက်နိုင်ကို တန်ခိုးရှင်မဟုတ်၍ မသိနိုင်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာဆို

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အဖြစ် လီဗာ ပူးနှင့် မန်စီးတီးတို့ယှဉ်ပြိုင်ခဲ့ရာ လီဗာပူးက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်(၁၂)ပြီးဆုံးချိန် ရမှတ်(၃၄)မှတ်ဖြင့် လက်ရှိချန်ပီယံ မန်စီးတီးကို ကိုးမှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။

လီဗာပူးတိုက်စစ်တွင် ဖာမီနို၊ မာနေးနှင့် ဆာလက်ချ်တို့ ပါဝင်လာ ခဲ့ပြီး မန်စီးတီးအသင်း၌လည်း အဂူရို၊ စတာ လင်း၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန် နှင့် ရိုဒရီတို့ ပါဝင်ခဲ့သည်။ လီဗာပူးသည် ပွဲချိန် ခြောက်မိနစ်၌ပင် ဦးဆောင်ဂိုးရခဲ့ပြီး ဖာဘင်ဟိုက ပင်နယ်တီဂိုးဧရိယာထိပ်မှ အပြင်းကန် သွင်းခဲ့သည်။ ဆာလက်ချ်မှာ ပွဲချိန် ၁၃ မိနစ်တွင် ရောဘတ်ဆန်၏ ဖန်တီး မှုမှတစ်ဆင့် ဒုတိယဂိုး သွင်းယူနိုင်ခဲ့သည်။

လီဗာပူးသည် ဒုတိယပိုင်း ၅၁ မိနစ်တွင် မာနေး၏ဂိုးကြောင့် တတိယဂိုး ရခဲ့သည်။ မန်စီးတီးအတွက် တစ်လုံးတည်းသော ချေပ ဂိုးကို ဘာနာဒိုဆေးလ်ဗားက ၇၈ မိနစ်တွင် သွင်းယူခဲ့သည်။ ပရီးမီးယားလိဂ် လက်ရှိချန် ပီယံ မန်စီးတီးသည် ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ်(၂၅)မှတ်ဖြင့် လီဗာပူးနှင့် ကိုးမှတ် ကွာဟနေသည်။ မန်စီးတီးအနေဖြင့် လီဗာပူးအသင်းအား အမီလိုက်နိုင်၊ မလိုက်နိုင် ကိုမသိရှိကြောင်း နည်းပြ ဂွာဒီယိုလာက ပွဲ အပြီး၌ ပြောကြားခဲ့သည်။

နည်းပြ ဂွာဒီယိုလာက "ကျွန်တော်က တန်ခိုးရှင် မဟုတ်ပါဘူး။ ဒါကြောင့် အနာဂတ် မှာ ဘာဖြစ်မလဲဆိုတာ မသိဘူး။ ကျွန်တော်တို့ လာမယ့် အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ကစားရမှာပါ။ ချယ်လ်ဆီးကို ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားမှာပါ။ အနိုင်ရခဲ့တဲ့ လီဗာပူး အသင်းကို ချီးကျူးပါတယ်။ သူတို့ သုံးဂိုး သွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့က တစ်ဂိုးပဲ သွင်းနိုင်တယ်။ ဒါပေမဲ့ အသင်း စွမ်းဆောင် ရည်ကို ကျွန်တော်ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲ မှာ ကျွန်တော်တို့ ကစားသလိုမျိုး လီဗာပူးကွင်း မှာ အသင်းအနည်းငယ်ပဲ ကစားနိုင်လို့ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး