တရုတ်အမျိုးသားများနှင့်လက်ထပ်ရန် အမျိုးသမီးသုံးဦးကိုစည်းရုံး ခေါ်ဆောင်လာသူနှစ်ဦးအား ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူမှု မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်ကားကြီးကွင်းအနီး “ရွှေအိမ်စည်”တည်းခိုခန်းရှေ့၌ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် လိုက်လံစည်းရုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက် နံနက် ၅နာရီတွင် စောင့်ကြည့်ခဲ့သည်။
ထိုသို့စောင့်ကြည့်နေစဉ် ပြည့်ဖြိုးအောင်(၂၇)နှစ်နှင့် မသံစဉ်(၁၈)နှစ်တို့ နှစ်ဦးသည် မ---(၃၁)နှစ်ပါအမျိုးသမီးသုံးဦးကို တည်းခိုခန်းရှေ့သို့ မသင်္ကာဖွယ်ခေါ်ဆောင်ရောက်ရှိလာသဖြင့် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု (၁၁)သို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့သည်။
ပြည့်ဖြိုးအောင်နှင့် မသံစဉ်တို့အား စစ်ဆေးရာ မ----ပါသုံးဦးကို တရုတ် အမျိုးသားများနှင့် လက်ထပ်ပြီး တစ်နှစ်အတူနေထိုင်ပါက ငွေကျပ် ၂၅ သိန်းပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့သုံးဦးကို စရန်ငွေအဖြစ် ၅၀,ဝ၀ဝ ကျပ်စီပေးထားပြီး ကျန်ငွေများကို တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ရောက်ရှိပါက ထပ်မံပေးအပ်သွားမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့မရဲစခန်းက(ပ)၁၁၃၇/၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၃ အရ အမှုဖွင့်အရေးယူထားသည်။

















