ဆီလာဝယ်သူက ဆိုင်ဝန်ထမ်းကိုဓားဖြင့်ခုတ်ကာ လွယ်အိတ်ကို ဖြတ်ယူထွက်ပြေးမှု မြစ်သားမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာအနီး မြစ်သား-မြင်းခြံကားလမ်းဘေးရှိ “မိတ်ဆွေကောင်း”ဆီဆိုင်တွင် နိုဝင်ဘာ ၁၀ ရက် နံနက် ၃ နာရီ၌ အမျိုးသားတစ်ဦး(စိစစ်ဆဲ)က ဆီပုံးခွံ တစ်ပုံးကိုကိုင်ဆောင်လျက် ဆိုင်ကယ်ဖြင့် ဆီလာရောက်ဝယ်ယူခဲ့သည်။
ဆိုင်အရောင်းဝန်ထမ်း နန်းဝေအောင်(၁၅)နှစ်က ဆီဖြည့်ပေးနေစဉ် အဆိုပါအမျိုးသားက အသင့်ပါလာသော အရိုး/အသွားတစ်ပေခွဲခန့် ဓားမဖြင့် နန်းဝေအောင်ကို ခုတ်ပြီး နန်းဝေအောင်၏ ငွေ ၁၆၀,ဝ၀ဝ ကျပ်ပါလွယ်အိတ်အား ဓားနှင့်ဖြတ်ကာ လုယူထွက်ပြေးသွားခဲ့သည်။
နန်းဝေအောင်တွင် ဂုတ်ပိုး၊ ဝဲပါး၊ နားရွက်၊ လက်ဖျံ၊ လက်ဖမိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်သားမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
ရစ်ကန်ရဲကင်းစခန်းက (ပ)၈၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
















