ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်ပြိုင်ပွဲ တနင်္ဂနွေသန့်ရှင်းရေးအသင်း ပထမဆုရ

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်ပြိုင်ပွဲ တနင်္ဂနွေသန့်ရှင်းရေးအသင်း ပထမဆုရ

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလဆန်း၁၄ ရက်နေ့၊ နိုဝင်ဘာ ၁၀ရက် ညပိုင်းက ပြုလုပ်ခဲ့သော မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် တနင်္ဂနွေသန့်ရှင်းရေးအသင်းက ပထမဆုရရှိခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့်အောင်မြေ၌ စတင်ကျင်းပခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် သန္တာရတနာစင် တော်၊ ဥဿဖယားရတနာစင်တော်၊ စိန်ရတနာစင်တော်၊ မဟူရာ ရတနာ စင်တော်၊ နီလာရတနာစင်တော်၊ မြရတနာစင်တော်၊ ပုလဲရတနာစင်တော်၊ ကျောက်စိမ်းရတနာစင်တော်၊ ပတ္တမြားရတနာစင်တော် ကိုးစင်ဖြင့် ရက် ကန်းခတ်ကျွမ်းကျင်သူ အမျိုးသမီးအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြခဲ့သည်။

ပြိုင်ပွဲမှရလာသည့် သင်္ကန်းများကို ကိုက်အရှည်ဆုံးရရှိမှုအပေါ် တိုင်းတာအမှတ်ပေးသည့်အပြင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ ပညာရှင်နှင့် အမှတ်(၃) အကြီးစားစက်မှုဇုန်မှ ပညာရှင်တို့က ပညာရပ် ဆိုင်ရာ အမှတ်ပေးမှုများပြုလုပ် ရွေးချယ်ခဲ့သည်။

ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ကိုးသိန်းငါးသောင်း၊ တတိယဆုငွေကျပ် ရှစ်သိန်း၊ စတုတ္ထဆု ငွေကျပ်ခြောက်သိန်းနှင့် နှစ်သိမ့်ဆု တစ်သင်းလျှင် ငွေကျပ်ငါးသိန်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ သီရိ မင်္ဂလာကမ္ဘာအေးစေတီတော်၊ သမိုင်းဝင် ဆုတောင်းပြည့် ကျိုက္ကစံ ဆံတော်ရှင် စေတီတော်တို့တွင်လည်း မသိုးသင်္ကန်းရက်ပြိုင်ပွဲများ ကျင်းပ ခဲ့သည်။

ပြိုင်ပွဲဝင်များ ရက်ကန်းခတ်ပြီ ရရှိသော မသိုးသင်္ကန်းများကို တန် ဆောင်မုန်းလပြည့်နေ့ နံနက်အစောပိုင်းက စေတီတော်နှင့် စေတီတော် ပရိဝုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး