တာချီလိတ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ခရီးသည်ပို့ဆောင်ရာမှ အသတ်ခံရ

တာချီလိတ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ခရီးသည်ပို့ဆောင်ရာမှ အသတ်ခံရ

တာချီလိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ခရီးသည်ပို့ဆောင်ရာမှ အသတ်ခံရမှုကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၂ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။
 

အဆိုပါနေ့ ည ၆ နာရီခန့်တွင် တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်းလုံ ဘုန်းကြီးကျောင်းအနီး (ယခင် သင်္ချိုင်းကုန်းဟောင်း) နေရာ ချုံတောအတွင်း အပုပ်နံ့ များရရှိကြောင်း လမ်းသွားလမ်းလာများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

သက်ဆိုင်ရာက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ချုံတောအတွင်း သေဆုံးပုပ်ပွနေသူမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၃) ဈေးထိပ်ရှိ အရုဏ်ဦးဂိတ်မှ ဆိုင်ကယ်ကယ်ရီသမား ဦးလှခိုင် (၄၅)နှစ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီတွင် ခရီးသည်တစ်ဦးက လာရောက်ငှားရမ်းသဖြင့် ဦးလှခိုင်ကလိုက်ပါသွားခဲ့ရာမှ ပျောက်ဆုံးနေပြီး ယခုမှ သေဆုံးလျက် ပြန်လည်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာတွင် သေဆုံးသူ၏ ရုပ်အလောင်းသာတွေ့ရှိရပြီး ၎င်းမောင်းနှင်သည့် ဆိုင်ကယ်မှာပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။