တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် ဘုရားဖူးများထံမှ လက်ကိုင်ဖုန်းနှင့် ငွေများနှိုက်ယူခဲ့သူနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၁၃ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက်(တန်ဆောင်မုန်းလပြည့်နေ့)မွန်းလွဲ ၁၂ နာရီ ၄၅မိနစ်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်အနီး တိုးဝှေ့၍ ဘုရားဖူးလာရောက်သူများထံမှ ခါးပိုက်နှိုက်သူ လင်းလင်းထိုက်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့သည်။
၎င်းထံမှ Mytel အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိရ၍ စစ်မေးရာ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူ အသက်(၂၆)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးထံမှနှိုက်ယူရရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဆက်လက်စစ်ဆေးရာ ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ဝင်ပေါက်အနီး ဘုရားဖူးလာသူ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ Samsung Galaxy J7 Core အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ Mi Note 4 အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးတို့ကို နှိုက်ယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။
အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီအနောက်ဘက်စောင်းတန်းအနီး ခါးပိုက်နှိုက်မှုကျူးလွန်သူ မနီနီကို ဖမ်းဆီးရှာဖွေရာ လက်ဆွဲအိတ်ဖြင့်ထည့်ထားသည့် ငွေကျပ် ၅၃၀ဝ၀ ပါ လိမ္မော်ရောင်မိန်းမကိုင်ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့သည်။
အဆိုပါ လက်ကိုင်အိတ်ကို အနောက်ဘက်မုခ်စောင်းတန်းအနီး ဘုရားဖူးလာရောက်သည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူရရှိခဲ့ကြောင်း စစ်ဆေးသိရသဖြင့် ၄င်းတို့နှစ်ဦးကို အမှုအသီးသီးဖွင့်၍ စစ်ဆေးလျက်ရှိသည်။


















