ခမောက်ကြီးမြို့နယ်တွင် အရက်ပုလင်းပျောက်သည့်ကိစ္စ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်)စာရေးနှစ်ဦးစကားများရာမှ တစ်ဦးသေဆုံးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ၁၀ရက် ညနေ၄နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်နေ ဦးမောင်ဌေးက သက်ဆိုင်ရာသို့ တိုင်ကြားရာ၌ ၎င်းနှင့်အတူနေထိုင်သူဦးကြည်လွင်(ခ)ဖထီး(၅၉)နှစ်သည် ဦးသိန်းမြင့်နှင့်စကားများရန်ဖြစ်၍လဲကျစဉ် ဦးခေါင်းနောက်စေ့ကို သမံတလင်းနှင့်ဆောင့်မိဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ခမောက်ကြီးရဲစခန်းမှူးဒုရဲအုပ်အောင်မြင့်ဌေးနှင့်အဖွဲ့က အခင်းဖြစ်လိုင်းခန်းသို့သွားရောက်စစ်ဆေးခဲ့သည်။ဦးကြည်လွင်(ခ)ဖထီး(ဌာနခွဲစာရေး၊ထွေ/အုပ်)၏နားနှင့်နောက်စေ့တို့တွင်ဒဏ်ရာရရှိထားသောကြောင့်ရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ ဦးကြည်လွင်(ခ) ဖထီးသည် ဦးမြင့်လွင်(ဌာနခွဲစာရေး၊ထွေ/အုပ်)ကို ဈေးကူသိမ်းပေးပြီးနောက် ထွေ/အုပ်ဝန်ထမ်းနေအိမ်ခြောက်ခန်းတွဲရှိရာနေရာသို့ ဈေးပစ္စည်းများ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ဦးကြည်လွင်(ခ)ဖထီးက ဦးမြင့်လွင်ကို လိုက်လံပို့ဆောင်ပေးစဉ် ဦးမြင့်လွင်နှင့်အခန်းချင်းကပ်နေသူ ဦးသိန်းမြင့် (အကြီးတန်းစာရေးထွေ/အုပ်)ဝယ်ယူထားသောအရက်ကို ဦးကြည်လွင်(ခ)ဖထီးက ခိုးယူသောက်သုံးသည်ဟု ဦးသိန်းမြင့်က ပြောဆိုခဲ့သည်။
ထို့နောက် ဦးသိန်းမြင့်က မကျေနပ်သဖြင့် ဦးကြည်လွင်(ခ)ဖထီး၏ဂုတ်အားဆွဲကာ ၄င်း၏အခန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်းအတွင်း၌နှစ်ယောက်သားစကားများရန်ဖြစ်လုံးထွေးသတ်ပုတ်ကြစဉ် ဦးကြည်လွင်(ခ)ဖထီးမှာ နောက်သို့ ပက်လက်လန်လဲကျကာ ဦးခေါင်းကို သမံတလင်းနှင့်ထိခိုက်မိပြီး နောက်စေ့ဖူးယောင် ဒဏ်ရာ၊ယာနားသွေးထွက်ဒဏ်ရာများရရှိခဲ့သည်။
ခမောက်ကြီးနယ်မြေရဲစခန်းက (ပ)၁၇/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ ဦးသိန်းမြင့် (၅၉) နှစ်ကို အမှုဖွင့်အရေးယူခဲ့သည်။
ဒဏ်ရာရရှိသူ ဦးကြည်လွင်(ခ)ဖထီးကို ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နိုဝင်ဘာ ၁၁ရက် နံနက်၄နာရီခန့်တွင် သေဆုံးသွားသဖြင့် မူလအမှုဖွင့်ထားသည့်ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ မှ၃၀၂သို့ပြောင်းလဲအရေးယူခဲ့သည်။
သက်ဆိုင်ရာက ဦးသိန်းမြင့်ကိုစစ်မေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဦးသိန်းမြင့်သည် အလုပ်နားချိန်တွင် သောက်ရန်အတွက် အရက်ဝယ်ယူထားရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် သေဆုံးသူက ၄င်း၏ နေအိမ်ဘေးခန်းတွင် လာရောက်နေထိုင်ခဲ့ကြောင်း ၊ ဝယ်ယူထားသည့် အရက်ပုလင်းပျောက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများခဲ့ဖူးကြောင်း ထွက်ဆိုသည်။
အခင်းဖြစ်သည့်နေ့တွင်လည်း သောက်ရန်ဝယ်ယူထားသည့် အရက်ပုလင်းပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ စိတ်တိုပြီး ဦးကြည်လွင်ကို လည်ပင်းအင်္ကျီစမှဆွဲခေါ်ကာ အရက်မရှိတော့ကြောင်း ပြသရာမှ စကားများရန်ဖြစ်လုံးထွေးပြီး သံမံတလင်းနှင့် ထိခိုက်မိသည့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

















