(၃၄)နှစ်အရွယ် အီတလီကစားသမား ဟောင်းတစ်ဦးဖြစ်သူ မွန်တိုလီဗိုသည် ပရော် ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ မွန်တိုလီဗိုသည် ပြီးခဲ့သည့် နွေရာသီက အေစီမီလန်အသင်း နှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်ခဲ့သည်။
မွန်တိုလီဗိုသည် ကစားသမားဘဝတွင် အတ္တလန္တာ၊ ဖီအိုရင်တီးနားနှင့် အေစီမီလန် အသင်းတို့၌ ပါဝင်ကစားခဲ့သူဖြစ်သည်။ မွန် တိုလီဗိုသည် ကစားသမားဘဝ ၁၆ နှစ်ကြာ ဖြတ်သန်းခဲ့သူဖြစ်ပြီး စီးရီးအေ ၃၄၈ ပွဲကစား ခဲ့ရာ ၂၅ ဂိုး သွင်းယူခဲ့သည်။
မွန်တီလီဗိုသည် အီတလီ လက်ရွေးစင် အသင်းအတွက် ၆၆ ပွဲ ကစားခဲ့သူဖြစ်ပြီး ယူရို ၂၀၁၂ ဗိုလ်လုပွဲတက်ရောက်ခဲ့ရာတွင် ခြေစွမ်းပြခဲ့သူဖြစ်သည်။ ၎င်းသည် ယမန်နှစ် ဘောလုံးရာသီတွင် အေစီမီလန်အသင်း အတွက် တစ်ပွဲမှ မကစားခဲ့ရပေ။ ဘောလုံး ကစားခြင်းမှ နားလိုက်ပြီဖြစ်ကြောင်း၊ မိသားစု နှင့်အတူ မီလန်မြို့၌ ဆက်လက်နေထိုင်သွား မည်ဖြစ်ကြောင်း မွန်တိုလီဗိုက ကော်ရယ်ရီ ဒယ်လိုစပို့စ်သို့ ပြောခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း ပရိသတ်နှင့် မစိမ်း သည့် ကစားသမားများ ဘောလုံးလောကမှ အနားယူခဲ့ရာ မွန်တိုလီဗိုအပါအဝင် စုစု ပေါင်း ၁၅ ဦးရှိကြောင်း သိရသည်။
ဘောလုံး လောကမှ အနားယူခဲ့သည့် နာမည်ကြီး ကစား သမားများမှာ ချက်ဂိုးသမား ပီတာချက်၊ အမေ ရိကန် ဂိုးသမား တင်ဟောင်းဝပ်၊ အင်္ဂလန် နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်၊ အီတလီ ကွင်းလယ်လူ မာချီစီယို၊ ဂျာမနီကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ၊ စပိန်ကွင်းလယ်လူ ဇာဗီး၊ နယ်သာလန် တောင်ပံကစားသမား အာဂျန် ရော်ဘင်၊ နယ်သာလန် ကွင်းလယ်လူ ရှနိုက်ဒါ၊ ဥရုဂွေးတိုက်စစ်မှူး ဖော်လန်၊ စပိန်တိုက် စစ်မှူး တောရက်စ်၊ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီ၊ ပြင်သစ်နောက်ခံလူ အီဗရာ၊ ကင် မရွန်းတိုက်စစ်မှူး အီတူး၊ စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာနှင့် အီတလီကွင်းလယ်လူ မွန်တီ လီဗိုတို့ဖြစ်သည်။















