ဆွီဒင် ဝါရင့်တိုက်စစ်မှူးဟောင်း အီဗရာ ဟီမိုဗစ်သည် မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်စီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို ဗုဒ္ဓဟူးနေ့က တွစ်တာ၌ စာရေးသားအသိ ပေးပြီး ကြေညာခဲ့သည်။
(၃၈)နှစ်အရွယ် တိုက်စစ်မှူး မိုဗစ်သည် ဥရောပ အသင်းကြီးများ၌ အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဂလက်စီသို့ ပြောင်း ရွှေ့ခဲ့သူဖြစ်သည်။ မိုဗစ်သည် ဂလက်စီအသင်း အတွက် ၅၃ ပွဲကစားခဲ့ရာ ၅၂ ဂိုးအထိ သွင်း ယူခဲ့ပြီး ကစားဖော်များအတွက် ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ပေးခဲ့သည်။
မိုဗစ်သည် မေဂျာလိဂ်၌ ကစားရင်း အကောင်းဆုံးခြေစွမ်း ကျန်နေသေးသည်ကို သက်သေပြနိုင်ခဲ့သည်။ အယ်လ်အေဂလက်စီ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိ တွင် ဘေ့စ်ဘောပွဲများကြည့်ရှုဖြစ်မည်ဟု မိုဗစ်က ပြောခဲ့သည်။ မိုဗစ်သည် မယ်လ်မို၊ အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီ လိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီနှင့် မန်ယူ အသင်းတို့၌ ကစားခဲ့ဖူးသည်။
အသင်းပြောင်းခွင့် ရလာခဲ့သော မိုဗစ်သည် စီးရီးအေသို့ ပြန်သွားမည်ဟု ခန့်မှန်းသတင်း များထွက်ပေါ်နေပြီး ၎င်းအားခေါ်ယူရန် အေ လိဂ်ကလပ် ပတ်ဂလိုရီ၊ တောင်အမေရိက ကလပ်များဖြစ်သည့် ဖလာမင်ဂိုနှင့် ဘိုကာ ဂျူနီယာတို့ကလည်း စောင့်ကြည့်နေကြောင်း သိရသည်။ စီးရီးအေကလပ်များဖြစ်သည့် အေစီမီလန်နှင့် ဘိုလော့နာမှာလည်း မိုဗစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။















