တရုတ်လက်ရွေးစင်အသင်းကို တစ်ကျော့ပြန်နည်းပြနေသော ဝါရင့် နည်းပြ မာဆယ်လိုလစ်ပီသည် ဆီးရီးယားအား နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲအပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။
တရုတ် လက်ရွေးစင် အသင်းသည် ဆီးရီးယားကွင်းတွင် ခက်ခက်ခဲခဲကစားခဲ့ရပြီး အရှုံးပေးခဲ့ ရခြင်း ဖြစ်သည်။ တရုတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် (၇၁)နှစ်အရွယ် ကမ္ဘာ့ဖလားနှင့် ချန်ပီယံလိဂ်ဆွတ်ခူးခဲ့သော နည်းပြလစ်ပီ အား လုပ်ခလစာ တနင့်တပိုးပေး၍ ခန့်အပ်ထားခြင်းဖြစ်သည်။
အဝေးကွင်း၌ရှုံးနိမ့်ခဲ့မှုကြောင့် တရုတ်အသင်းသည် အုပ်စုထိပ်ဆုံးမှ ဆီးရီးယားနှင့် ငါးမှတ်ကွာဟခဲ့သည်။
နည်းပြလစ်ပီက "ကျွန်တော် ဒီပွဲ အကြောင်းကို မပြောချင်တော့ပါဘူး။ ဂူအမ်နဲ့ မော်လဒိုက်ကို ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် ဒီပွဲ ရှုံးခဲ့တာက ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်လုပ်ခလစာက တော်တော်လေးများတယ်။ ကျွန်တော် သူတို့ဆီကနေ အလကားမလိုချင်ဘူး။ ဆိုတော့ကာ ရာထူးက နုတ်ထွက် လိုက်ပါပြီ"ဟု ပြောသည်။
လစ်ပီသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်အသင်းအား ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဒုတိယအကြိမ်မြောက် နည်းပြ နေရာမှ ရှုံးပွဲအတွက် တာဝန်ယူကာ ယခုကဲ့သို့နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။















