ဆိုင်ကယ်စီးနင်းသူကို အုပ်စုဖွဲ့ ထိုးကြိတ်လုယက်သူများအား ဖမ်းမိ

ဆိုင်ကယ်စီးနင်းသူကို အုပ်စုဖွဲ့ ထိုးကြိတ်လုယက်သူများအား ဖမ်းမိ

ပြည်မြို့တွင် ဆိုင်ကယ်စီးနင်းလာသူကို အုပ်စုဖွဲ့ ထိုးကြိတ်လုယက်သူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ  ၇ ရက် ည ၁၂နာရီခန့်တွင် ပြည်မြို့နေ မျိုးမင်းဇော် (၁၉) နှစ် နှင့် အောင်မင်းဦး (၁၈)နှစ်တို့သည် ဆိုင်ကယ်တစ်စီးဖြင့် လည်းကောင်း၊  အောင်ဇော်မျိုး ၁၇ နှစ်နှင့် သူရပြည့်စုံ (၁၇) နှစ်တို့သည် ဆိုင်ကယ်တစ်စီးဖြင့် လည်းကောင်း ရွှေဆံတော် ဘုရားပွဲတော်မှ နေအိမ်သို့ ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် ဆိုင်ကယ်နှစ်စီး အနည်းငယ်ကွာဟသွားပြီး ပြည်-အောင်လံကားလမ်း၊ မြောင်းငယ်လှ ဇရပ်အနီး မြောင်းကူးတံတားဘေးအရောက် ဦးထုပ်ဆောင်း နှာခေါင်းစည်း တပ်ဆင်ထားသူ အမည်မသိ အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်က မျိုးမင်းဇော်နှင့် အောင်မင်းဦးတို့ မောင်းနှင်သောဆိုင်ကယ်ကို ရှေ့မှပိတ်ရပ်ထားသဖြင့် ဆိုင်ကယ် ရပ်ပေးခဲ့ရသည်။

ယင်းအမျိုးသားက မျိုးမင်းဇော်ကိုလက်သီးဖြင့်ထိုး၍ ၎င်းလွယ်အိတ်အတွင်းမှ အနက်ရောင်ဓားအိမ်ပါ ဓားမြှောင်ကိုထုတ်ကာ မျိုးမင်းဇော်အားဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းခဲ့သည်။

ထို့နောက် ဆိုင်ကယ်သုံးစီးဖြင့် အမည်မသိ လူအုပ်စုတစ်စု  ထပ်မံရောက်ရှိလာစဉ် သူရပြည့်စုံတို့မောင်းနှင်သည့်ဆိုင်ကယ်မှာ နောက်မှရောက်လာပြီး '' ဘာဖြစ်တာလဲ'' ဟု မေးမြန်းခဲ့သည်။

ထိုသို့လာရောက်မေးမြန်းစဉ်  ယင်းလူအုပ်စုက  လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီး မျိုးမင်းဇော် မောင်းနှင်သော ကာလ တန်ဖိုး ၄ သိန်းခန့် Yunde-110ဆိုင်ကယ်ကို လုယူမောင်းနှင်ကာ ပြည်မြို့အတွင်းဘက်သို့ ထွက်သွားခဲ့သည်။

အဆိုပါလုယက်ခံရမှုကို နိုဝင်ဘာ  ၈ ရက်တွင် ပြည်မြို့ အမှတ် (၃)နယ်မြေရဲစခန်းက (ပ) ၁ဝ၃၈/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

သက်ဆိုင်ရာပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၄ရက် နံနက် (၁)နာရီခွဲခန့်တွင် စားသောက်ဆိုင်၌ စားသောက်နေသူ မသင်္ကာတရားခံ မင်းမင်းသက် (ခ)မင်းမင်း နှင့် အာကာထက် (ခ)ချီးထုတ် တို့အား ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်မေးရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ တရားခံ မောင်မောင်ချစ် (ခ) မောင်ချစ်(ခ)ငချစ်နှင့် ချမ်းအေး(ခ)ကုလားတို့အား ယင်းနေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် လည်းကောင်း၊ ကျန်ကျောင်း(ခ)ကျော်ဖြိုးအောင်နှင့်ဖြိုးပြည့်စုံ တို့အား နိုဝင်ဘာ ၁၅ရက် နံနက် ၁နာရီ ၄၅မိနစ်တွင် လည်းကောင်း ထပ်မံ ဖမ်းဆီးရမိကာ အမှုမှ သက်သေခံ ဆိုင်ကယ်ကို တစ်ပါတည်း သိမ်းဆည်းရမိခဲ့သည်။