နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်များခိုးယူသူနှစ်ဦးကို ဖမ်းမိ

နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်များခိုးယူသူနှစ်ဦးကို ဖမ်းမိ

ပဲခူးမြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်နှင့်ငွေ များခိုးယူခဲ့သူနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း နိုဝင်ဘာ ၁၇ ရက်၌ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် နံနက် ၂ နာရီ မိနစ် ၅၀ ခန့်တွင် ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်၊ ထန်းတောကြီးလမ်းနေ မခင်မျိုးဆက်သည် နေအိမ်တွင် အိပ်ပျော်နေစဉ် မိခင်ဖြစ်သူက ၎င်းကိုနှိုးကာ 
'' ငါ့ပစ္စည်းတွေ စောင်နဲ့ထုပ်ထားတာ မရှိတော့ဘူး'' ဟု ပြောဆိုသဖြင့် ၎င်းက လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ လိုက်လံရှာဖွေခဲ့ရာ ခြင်ထောင်ဘေးတွင် စောင်ဖြင့်ထုပ်၍ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ရွှေလက်ကောက်ခုနစ်ကွင်း၊ ရွှေကလစ် တစ်ခု (တန်ဖိုးကျပ် (၆၃)သိန်းခန့်)၊ ငွေ ၅၃၀ဝ၀ဝနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ ပျောက်ဆုံးနေကြောင်း သိရသဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူခဲ့သည်။ အဆိုပါ အမှုကို သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် အမှုဖြင့် မသင်္ကာသူ ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်နေ ချစ်စန်းမောင်(၁၈)နှစ်နှင့် ကုလား ကြီး(ခ) အရုပ်သည် (ခ) ထွန်းလင်းနိုင် (၂၁)နှစ်တို့ကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာမှ တိုင်ကြားထားသည့်ခိုးမှုပေါ်ပေါက်ခဲ့သည်။

၄င်းတို့နှစ်ဦးကို စစ်ဆေးချက်အရ အခင်းဖြစ်နေ့တွင် ကုလားကြီး (ခ) အရုပ်သည်(ခ)ထွန်းလင်းနိုင်သည် နေအိမ်ရှေ့ အုတ်တံတိုင်းဘေး၌စောင့်နေပြီး ချစ်စန်းမောင်က နေအိမ် နောက်ဘေးခြံဝန်းအတွင်းပွင့်နေသည့် ပြူတင်းပေါက်မှတစ်ဆင့် နေအိမ်အတွင်းဝင်ရောက်ကာ ပစ္စည်းများခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းတို့ ခိုးယူခဲ့သည့် ပစ္စည်းများကို ပြန်လည်သိမ်းဆည်းကာ ဆက်လက် အရေးယူထားသည်။