ဒိုက်ဦးမြို့နယ်တွင် ဖခင်ဖြစ်သူကအရက်မူးယစ်ကာ အသက် ၁၁ နှစ်အရွယ်၎င်း၏သမီးကို ဓား/ကတ်ကြေးတို့ဖြင့် ထိုးစိုက် လှီးဖြတ်ခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် ဗမာကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၆ ရက် ည ၁၂ နာရီ မိနစ်၄၀ တွင် ဒိုက်ဦးမြို့ မရဲစခန်းသို့ တိုင်ကြားရာ၌ ၄င်းကျေးရွာနေ ကျော်သူ (၃၅ နှစ်)က နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲတွင် အရက်သေစာသောက်စားမူးယစ်ကာ ၄င်း၏ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူကို အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓား၊ အရိုးအသွား ၈ လက်မခန့်ရှိ ကတ်ကြေးတို့ဖြင့် ထိုးစိုက်/လှီးဖြတ်ခြင်းများပြုလုပ်ခဲ့သည် ဟု ဆိုသည်။
ကလေးငယ်တွင် ဝဲနားပြတ်ရှဒဏ်ရာ၊ ယာနားပြတ်၊ စူးဝင်ဒဏ် ရာများရရှိခဲ့သဖြင့် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသခဲ့ရသောကြောင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒိုက်ဦးမြို့မ ရဲစခန်းက (ပ)၇၃၉/ ၁၉၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၃(က)အရ အမှုဖွင့်ကာ ကျော်သူကို ဖမ်းဆီးအရေးယူထားသည်။
















