အိမ်ရှင်ဘရာဇီးအသင်းမှာ ပွဲပြီးခါနီး ဂိုးကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင် ရကာ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ သည်။ နှစ်သင်းစလုံးမှာ ဗိုလ်လုပွဲ တွင် အမှားနည်းအောင် ကစားခဲ့ ကြပြီး မက္ကဆီကိုမှာ ၆၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ရာ ဂွန်ဇာလက်ဇ် က သွင်းယူခဲ့သည်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ဘရာဇီးသည် ချေပဂိုး ပြန်ရရန် နေရာစုံမှ ထိုး ဖောက်ကစားခဲ့သည်။
ဘရာဇီးသည် ပွဲချိန် ၈၄ မိနစ် တွင် ပင်နယ်တီမှ ချေပဂိုးရခဲ့ပြီး ဂျော့က သွင်းယူခဲ့သည်။ ဘရာဇီး သည် အကြိတ်အနယ်ကစားရင်း ပွဲချိန် မိနစ် ၉ဝ တွင် အဖိုးတန် အနိုင်ဂိုးရခဲ့ပြီး လာဇာရိုက သွင်းယူ ခဲ့သည်။ ဘရာဇီးသည် ဒရာမာဆန် ဆန်ဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို အသင်းသမိုင်းတစ်လျှောက် လေး ကြိမ်မြောက် ပိုင်ဆိုင်ခဲ့သည်။
တတိယလုပွဲတွင် ပြင်သစ် ယူ–၁၇ အသင်းက နယ်သာလန်ကို မူယင်ဂါ၏ ဟက်ထရစ်ဖြင့် သုံးဂိုး တစ်ဂိုးအနိုင်ရခဲ့သည်။ ဖီဖာ ယူ-–၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂိုးသွင်းအများ ဆုံးဆုကို ခြောက်ဂိုးသွင်းနိုင်ခဲ့သော နယ်သာလန်တိုက်စစ်မှူး ဟန်ဆန် ရရှိခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ဗီရွန်ဆွတ်ခူးခဲ့ပြီး အသန့်ရှင်းဆုံး ဆုကို အီကွေဒေါ ယူ–၁၇ အသင်း ရရှိခဲ့သည်။















