အချင်းချင်းနောက်ပြောင်ဆဲဆိုသည်ကို လမ်းသွားလမ်းလာက ဝိုင်းရိုက်သဖြင့် သေဆုံး

အချင်းချင်းနောက်ပြောင်ဆဲဆိုသည်ကို လမ်းသွားလမ်းလာက ဝိုင်းရိုက်သဖြင့် သေဆုံး

ကျိုက်ထိုမြို့နယ်တွင် ဂစ်တာတီးသီချင်းဆိုကာ အချင်းချင်းနောက်ပြောင်ဆဲဆိုသည်ကို လမ်းသွားလမ်းလာက အထင်အမြင်လွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေဆုံးခဲ့မှုအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ယနေ့နိုဝင်ဘာ ၁၉ ရက်၌ သိရသည်။
 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ပတ္တမြားရပ်ကွက်ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုရင်ပြင်၌ (၇)ရပ်ကွက်နေ ကျော်လင်းအောင်(ခ)ကြောင်ချီး(၂၆)နှစ်ပါ အမျိုးသား ငါးဦးသည် ဂီတာတီး၍ အချင်းချင်းအော်ဟစ်နောက်ပြောင်ဆဲဆိုခဲ့ကြသည်။

ထိုသို့ ဆဲဆိုနေစဉ် ရဲရင့်အောင်(ခ) ရဲကြီး (၂၂)နှစ်တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ "မင်းတို့ဘယ်သူ့ကို ဆဲတာလဲ" ဟု ပြောဆို၍ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် ရဲရင့်အောင်(ခ)ရဲကြီးက ဝေယံထက်(၁၇)နှစ်ပါ အမျိုးသားခြောက်ဦးကို ခေါ်ဆောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် ထပ်မံရောက်လာခဲ့သည်။

ကျော်လင်းအောင်(ခ) ကြောင်ချီးက ၎င်းတို့ကိုဆဲဆိုခြင်းမဟုတ်ကြောင်း ပြောဆိုရှင်းပြနေစဉ် ဝေယံထက်က သစ်သားတုတ်ဖြင့် လည်းကောင်း၊ ရဲရင့်အောင်(ခ)ရဲကြီးပါ ခြောက်ဦးက လက်သီးဖြင့်လည်းကောင်း ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ကြသည်။

ထိုသို့ ရိုက်နှက်ထိုးကြိတ်ခဲ့ခြင်းကြောင့် ကျော်လင်းအောင်(ခ)ကြောင်ချီးတွင် ဦးခေါင်း၊ နှာခေါင်း၊ရင်အုံ၊ ယာခြေသလုံး ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီးသိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် နိုဝင်ဘာ ၁၇ ရက် ည ၁၂ နာရီ ၁၅ မိနစ်အချိန် ဆေးရုံ၌ သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျော်လင်းအောင်(ခ)ကြောင်ချီး၏ အစ်မ ဖြစ်သူ မအိအိစိုးက နိုဝင်ဘာ ၁၇ ရက် နံနက် ၄ နာရီတွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

သိမ်ဇရပ်နယ်မြေရဲစခန်းက (ပ)၂၃၇၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ကာ ရဲရင့်အောင်(ခ)ရဲကြီးပါ ခုနစ်ဦးကို ဖမ်းဆီးအရေးယူထားသည်။