ဆိုင်ကယ်အတူစီးလာသူကို ဓားဖြင့်ထိုးသတ် တိမ်းရှောင်သူအား ဖမ်းမိ

ဆိုင်ကယ်အတူစီးလာသူကို ဓားဖြင့်ထိုးသတ် တိမ်းရှောင်သူအား ဖမ်းမိ

အုတ်ဖိုမြို့တွင် ဆိုင်ကယ်အတူစီးနင်းလာသူကို ဓားဖြင့်ထိုးသတ်တိမ်းရှောင်ခဲ့သူအား သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
 

နိုဝင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာ၊ ရန်ကုန်- ပြည်ကားလမ်းဘေး ထမင်းဆိုင်ရှေ့၌ အမျိုးသား တစ်ဦး လဲကျနေကြောင်း သတင်းအရ အေးမြသာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာမင်းလှမြို့နယ် ၅ ရပ်ကွက်နေ မူဆာကြီး (ခ)ကျော်သူရ (၃၁)နှစ်ဖြစ်ပြီး ၎င်း၏ ဝဲဘက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အေးမြသာယာ နယ်မြေရဲစခန်းက(ပ) ၂၇၇/ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသူမှာ မင်းလှမြို့နယ် ၈ ရပ်ကွက်နေ ရန်နိုင်စိုး(ခ)ဗိုက်ပေါက် (၄၂)နှစ် ဖြစ်ကြောင်းသိရသဖြင့် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ၄င်း၏ နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

ရန်နိုင်စိုး(ခ)ဗိုက်ပေါက်ကိုအမှုနှင့်ပတ်သက်၍ စစ်ဆေးရာ မင်းလှမြို့နယ်မှ အေးမြသာယာသို့ သေဆုံးသူနှင့်အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး အပြန်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်စကားများကာ ဓားနှင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။