ထွက်ပြေးသွားသည့် အကျဉ်းသားကို ပြန်လည်ဖမ်းမိ

ထွက်ပြေးသွားသည့် အကျဉ်းသားကို ပြန်လည်ဖမ်းမိ

ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားကို သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
 

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပဲခူးအချုပ်ထောင်၌ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ခိုးမှု)ဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံလျက်ရှိသည့်  အကျဉ်းသား လှထွေး(ခ) ကိုထွေး(ခ) ချက်ကြီး(၂၄)နှစ်သည်  နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ(၃)နာရီခွဲခန့်တွင် ပဲခူးမြို့နယ်၊ မယင်းကျေးရွာအနီးရှိ ဌာနပိုင်လယ်မြေဖြစ်သော ကွင်းအမှတ်(A)၌ နွေစပါးပျိုးထောင်ရန်အတွက် ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေစဉ် ထွက်ပြေးသွားခဲ့သည်။

လွတ်မြောက်သွားရာမှ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခန့်တွင် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၌  ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

လှထွေး(ခ) ကိုထွေး(ခ) ချက်ကြီးကို ပဲခူးအကျဉ်းထောင်သို့ ပို့အပ်ခဲ့ပြီး ပဲခူးမြို့မရဲစခန်းက (ပ)၃၂၆၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားသည်။