မော်လမြိုင်မြို့တွင် ရွှေဆိုင်ဝန်ထမ်းက ဆိုင်ကိုမီးရှို့ ဖျက်ဆီးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့သည်။
နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခွဲတွင် မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်နေ အောင်မြတ်မင်း(၃၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် ၎င်းပိုင်ဆိုင်သည့် ရွှေဆိုင်၌ မီးလောင်နေကြောင်းသိရှိရသဖြင့် ရွှေဆိုင်လုပ်သား လှိုင်းထက်၊ ဖိုးတုတ်တို့နှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် TCL အမျိုးအစား တီဗွီတစ်လုံး၊ ဆိုဖာ ကုလားထိုင်နှစ်လုံး၊ Wifi စက်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းရာ ရွှေဆိုင်တွင် လက်ခစား လုပ်ကိုင်နေသူ အောင်ဆန်းဦး (၄၃)နှစ်က ဆိုင်အတွင်း၌ တပ်ဆင်ထားသော CCTV ကြိုးကို ကတ်ကြေးဖြင့် ဖြတ်တောက်ပြီး ဓာတ်ဆီလောင်း၍ မီးရှို့ခဲခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
မော်လမြိုင်မြို့မ ရဲစခန်းက (ပ)၂၈၈၃/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။
















