မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် သမီးရည်းစားစုံတွဲကို ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတစ်လုံး လုယက်ခဲ့သူသုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၂၀ ရက်၌ သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက်ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၃၈လမ်း၅၉လမ်းနှင့်လမ်း၆၀ကြား သံလမ်းအနောက်ဘက်တွင် ဆိုင်ကယ်ရပ်ပြီး စကားပြောနေသည့် သမီးရည်းစားထံသို့ လူငယ်သုံးဦးရောက်ရှိလာကာ ဓားရှည်ဖြင့်ခုတ်၍ Honda Scoopyi ဆိုင်ကယ်၊Mi note 5 ဖုန်းတစ်လုံး ယူဆောင်သွားခဲ့သည်။
ဓားဖြင့်အခုတ်ခံရ၍အမျိုးသား၏ ဝဲဘက်ဂျိုစောင်းထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ပစ္စည်းလုယက်ဓားဖြင့်ခုတ်သူသုံးဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည့်အမှုဖြစ်သည်။
အမှတ်(၉)မြို့မရဲစခန်းက(ပ)၁၀၁၃/၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၉၄/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အဆိုပါ အမှုကျူးလွန်ခဲ့သူများကို တိုင်းမှုခင်းအကူဌာနစုမှ ရဲအုပ်ရဲဝင်းနှင့်အဖွဲ့က စုံစမ်းခဲ့ရာ ချမ်းမြသာ စည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ကျူးကျော်တဲတွင်နေထိုင်သည့် ကျော်လွင်ဦး(ခ)နှစ်ပေ ဖြစ်ကြောင်း သိရှိခဲ့သည်။
အမှုဖြင့်မသင်္ကာသူ ကျော်လွင်ဦး(ခ)နှစ်ပေကို နိုဝင်ဘာ ၁၇ ရက်တွင် အောင်ပင်လယ် ၅၃လမ်း၌ဖမ်းဆီးကာ စစ်ဆေးခဲ့သည်။၄င်းကို စစ်ဆေးချက်အရ အဆိုပါ အမှုကိုကျူးလွန်ခဲ့ပြီး ထိုသို့ကျူးလွန်ရာတွင် ရဲနောင်(ခ) ဟိန်းထက်စိုး၊ ဇင်သူဝိုင်း(ခ)ဖြိုးလေး တို့ပါဝင်ကြောင်း ထွက်ဆိုသဖြင့် အမှုတွင်ပါဝင်သူ အောင်သာယာရပ်ကွက်နေ ရဲနောင်(ခ) ဟိန်းထက်စိုးကို နိုဝင်ဘာ ၁၈ ရက်၌ မနော်ဟရီ ၅၂လမ်းနှင့်၅၃လမ်းကြားတွင် Scoopyiဆိုင် ကယ်နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ 41W-....နံပါတ်ပြားတစ်ခု၊ဆိုင်ကယ်ဝမ်းဗိုက် ကာဗာအတွင်းမှအရှည်(၂၂)လက်မခန့်ရှိငွေရောင်သံရိုး တပ် ဓားရှည်တစ်ချောင်း၊ရဲနောင်(ခ) ဟိန်းထက်စိုးက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်Kenda125 ဆိုင်ကယ်ကို ၎င်းနေအိမ်မှ သိမ်းဆည်းရမိခဲ့သောကြောင့် ဆက်လက် အရေးယူထားသည်။

















