အိုင်ကလောင်အကျဉ်းစခန်းမှထွက်ပြေးသူနှစ်ဦးကို ရွာသားများက ဝိုင်းဖမ်း

အိုင်ကလောင်အကျဉ်းစခန်းမှထွက်ပြေးသူနှစ်ဦးကို ရွာသားများက ဝိုင်းဖမ်း

တိုက်ကြီးမြို့နယ် အိုင်ကလောင်အကျဉ်းစခန်းမှထွက်ပြေးလာသူနှစ်ဦးကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း ယနေ့နိုဝင်ဘာ ၂၀ ရက်တွင် သိရသည်။

တိုက်ကြီးမြို့နယ်၊ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာသော အကျဉ်းသားနှစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း၌ ရွာသားများက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသူ နှစ်ဦးမှာ မောင်ခိုင်(၁၉)နှစ်နှင့် သူရစိုး(၂၂)နှစ်တို့ဖြစ်ကာ နိုဝင်ဘာ ၁၈ ရက်ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်ပြီးနောက် ရေတွင်းဖြူကျေးရွာအုပ်စု၊ ကပ်ကတော့ကျေးရွာထိပ်၌ ရပ်ထားသောဆိုင်ကယ်တစ်စီးကို ခိုးယူမောင်းပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၄င်းတို့ နှစ်ဦးကို ဖိုးခေါင်နယ်မြေရဲစခန်းသို့ ပို့အပ်ခဲ့ပြီး ရဲတပ်ဖွဲ့က စစ်မေးခဲ့ရာ မောင်ခိုင်မှာ အဓမ္မပြုကျင့်မှုဖြင့်ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသူဖြစ်ပြီး သူရစိုးမှာ ခိုးမှုဖြင့်ထောင် ၃ နှစ်ကျခံနေရ သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းတို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားသည်။