အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက်နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင်တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ဘေးအကင်းဆုံးဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင်နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။
ဘာတွေသတိထားသင့်သလဲ
လေအေးပေးစနစ်ကြောင့်ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရီစင်တီ ဂရိတ်အကြားမှာပဲထားပါ။လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ် ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပေးတဲ့အတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။
အိမ်တွင်းမှာ သန့်စင်တဲ့လေ ရရှိနိုင်စေဖို့ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီးတံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။အခန်းတွင်းမှာ အဆိပ်ရှိတဲ့အရာတွေ မပျံ့နှံ့စေဖို့ အခန်းထဲမှာ တစ်ယောက်မှမရှိတဲ့အချိန်နဲ့ ညဘက်တွေမှာ လေအေးပေးစနစ်ကို ပိတ်ထားပေးပါ။
အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် အလွန်ကွာဟအောင်မထားပါနဲ့။မိမိသုံးတဲ့ လေအေးပေးစက်က ရေကိုအသုံးပြုရတဲ့လေအေးပေးစက် ဖြစ်နေခဲ့ရင် ရေကိုပုံမှန်လဲလှယ်ပေးပါ။ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကိုတပ်ဆင်ပါ။
လေအေးစနစ်တပ်ဆင်ထားတဲ့အခန်းထဲမှာနေတဲ့အခါရေသိပ်ငတ်လေ့ မရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်မခမ်းခြောက်စေဖို့ သတိထားပြီး ရေသောက်ပေးပါ။လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုသွားလာမယ်ဆိုရင် ခန္ဓာကိုယ်ကို အပူချိန် ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါးတစ်ထည် ဝတ်ဆင်ပေးပါ။
လေအေးပေးစက်ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေကာကွယ်နိုင်ဖို့ အပြင်ကနေ ပြန်လာလာချင်း လေအေးပေးစက်ကို ချက်ချင်း မဖွင့်ပါနဲ့။ ဖွင့်ခါစမှာ fan only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်း လျှော့ချပေးပါ။
သန့်စင်မှုအားနည်းတဲ့ အခန်းတွင်းလေနဲ့ လေအေးပေးစနစ်ကို အမြဲ အသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါတယ်။ ကိုယ့်ရဲ့နေထိုင်မှု ပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး။
အပူချိန် အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့
ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ ဂရုစိုက်ပါ။
မျက်လုံးကို ခဏအနားပေးပါ
မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။
အဲကွန်းအခန်းထဲမှာ တစ်ချိန်လုံးမနေပါနဲ့
ပြင်ပလေထုနဲ့ အပူချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုအထိ နေပါ။ အိမ်မှာလည်း အဲကွန်းခန်းထဲကမထွက်၊ ကားပေါ် အဲကွန်း၊ တခြားနေရာသွားလည်း အဲကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက် အပြောင်းအလဲမှာအန္တရာယ်ရှိတတ်ပါတယ်။
ရေဓာတ်များတဲ့ အသီးအနှံ များများစားပါ
အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်း ပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။
အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးလိမ်းပါ
ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်မှာပါ။ခေတ်မီလူမှုဘဝမှာ သက်သောင့်သက်သာနေထိုင်ဖို့အသုံးဝင်တဲ့ လေအေးပေးစက်ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။အပေါ်မှာ အကြံပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာ သေချာပါတယ်။
(ရေးသားသူ − Yun Sandi Nan Mon ၊ ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ − Dr. Thurein Hlaing Win )Hello ဆရာဝန် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။

















