အတ္တလန္တာ − ဂျူဗင်တပ် (စနေ၊ ည ၈း၃ဝ)
နှစ်သင်းစလုံး ချန်ပီယံလိဂ်ပွဲတွေကစားဖို့ရှိနေပါတယ်။ ကစားသမားအင်အား တောင့်တင်းတဲ့ ဂျူဗင်တပ်အတွက် မသိသာပေမဲ့ အတ္တလန္တာကတော့ ပြိုင်ပွဲနှစ်ခုကြောင့် စီးရီးအေမှာအနည်းငယ် အားလျော့နေပါတယ်။ အခုအိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ ဂျူဗင်တပ်ဖြစ်နေတာကြောင့် အတ္တလန္တာအတွက် အများကြီးမျှော်လင့်လို့ မရပါဘူး။ သရေတစ်မှတ်ရရင်ပဲ အတ္တလန္တာတို့ ကျေနပ်သင့်ပါတယ်။
အေစီမီလန် − နာပိုလီ (စနေ၊ ည ၁၁း၃ဝ)
အေစီမီလန်အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲပါ။ ပြီးခဲ့တဲ့တစ်ပတ်က ဂျူဗင်တပ်နဲ့ ကစားခဲ့ရပြီး အခုနာပိုလီနဲ့ဆိုတော့ အေစီတို့အတွက် အသင်းကြီးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ အိမ်ကွင်းဆိုတဲ့ အားသာချက်လေးတော့ရှိနေပါတယ်။ နာပိုလီကလည်း ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် အခုပွဲစဉ်ကိုတော့ အေစီကိုပဲ အားပေးချင်တယ်။
တိုရီနို − အင်တာမီလန် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
တိုရီနိုက အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းမာကျောတဲ့အသင်းပါ။ ခံစစ်ပိုင်းလည်းကောင်းမွန်ပါတယ်။ အင်တာမီလန်ကလည်း လက်ရှိအချိန်မှာ ခြေစွမ်းတည်ငြိမ်နေတဲ့အသင်းပါ။ ဒါကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ တိုရီနိုကွင်းဖြစ်နေတာကလည်း အင်တာတို့အတွက် အခက်တွေ့စေနိုင်ပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ အင်တာမီလန်ကို လက်ရှောင်ထားချင်တယ်။
ဘိုလော့နာ − ပါးမား (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ဘိုလော့နာတို့ အရှုံးသံသရာကြားထဲက လွတ်မြောက်ဖို့ ကြိုးစားနေတာ မအောင်မြင်သေးပါဘူး။ အခုလည်း အိမ်ကွင်းအားကိုးနဲ့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့ နောက်တန်းအားနည်းချက်ရှိနေတော့ သူတို့ ကြိုးစားမှုတွေ အရာမထင်ဘူး ဖြစ်နေတယ်။ ပါးမားက ကစားအားကောင်းတဲ့အသင်းပါ။ ဒါကြောင့် ဘိုလော့နာလိုအသင်းမျိုးကို အဝေးကွင်းမှာ ခံကစားနိုင်မှာပါ။ ပါးမားကိုကြိုက်တယ်။
ဗီရိုနာ − ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၈း၃ဝ)
ယခင်တွေ့ဆုံမှုတွေမှာတော့ ဖီအိုရင်တီးနားတို့က အသာစီးရထားပါတယ်။ ဒါပေမဲ့ ယခုနှစ်ရာသီ လက်ရှိခြေစွမ်းတွေအရတော့ ဗီရိုနာတို့ အတက်ဘက်မှာရှိနေပါတယ်။ အခုလည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ဗီရိုနာတို့အတွက် အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဖီအိုရင်တီးနားတို့ သရေတစ်မှတ်ရရင် ကျေနပ်သင့်ပါတယ်။
ရိုးမား − ဘရက်စီယာ (တနင်္ဂနွေ၊ ည ၈း၃ဝ)
ရိုးမားက အမှတ်ပေးဇယား အဆင့် (၆) က ဖြစ်ပြီး ဘရက်စီယာက အဆင့် (၂ဝ) ကပါ။အဆင့်ခြင်း အများကြီးကွာပါတယ်။ အခုကစားရမှာကလည်း ရိုးမားအိမ်ကွင်းဖြစ်နေတာကြောင့် ဘရက်စီယာအတွက် ပိုဆိုးနေပါတယ်။ အခုပွဲပြီးရင် ရိုးမားတို့ ယူရိုပါလိဂ်ပွဲကစားဖို့ ရှိနေတယ် ဆိုပေမဲ့ ဘရက်စီယာလိုအသင်းကို အိမ်ကွင်းမှာ ကောင်းကောင်းကစားနိုင်မှာပါ။ ရိုးမားပါပဲ။
ဆက်စူလို − လာဇီယို (တနင်္ဂနွေ၊ ည ၈း၃ဝ)
ဆက်စူလိုက အသင်းကြီးတွေကို ခံမကစားနိုင်တဲ့အသင်းပါ။ အသင်းကြီးတွေနဲ့ဆိုရင် ရလဒ်မကောင်းတတ်ပါဘူး။ အခုကစားရမယ့် လာဇီယိုကလည်း ကစားသမားအင်အားကအစ တောင့်တင်းတဲ့အသင်းပါ။ ဆက်စူလိုမှာ အိမ်ကွင်းဆိုတဲ့အားသာချက်လေးပဲရှိပါတယ်။ လာဇီယိုကို ရွေးချယ်သင့်ပါတယ်။
ဆမ်ဒိုးရီးယား − ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၁၁း၃ဝ)
နှစ်သင်းစလုံးက ယုံကြည့်ရတဲ့စာရင်းထဲမှာ မပါပါဘူး။ ခြေစွမ်းတွေက တည်ငြိမ်မှုမရှိပါဘူး။ ဆမ်ဒိုးရီးယားထက်စာရင် ယူဒီးနိစ်က အနည်းငယ်သာပါတယ်။ အခုပွဲအတွက် ဆမ်ဒိုးရီးယားကတော့ အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိပါတယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေအရ သရေရလဒ်လောက်သာ ထွက်ပေါ်လာနိုင်ပါတယ်။
လက်ချီ − ကက်ဂလီယာရီ (တနင်္လာ၊ နံနက် ၂း၁၅)
နောက်ပိုင်းကစားတဲ့ပွဲစဉ်တွေမှာ လက်ချီရဲ့ရလဒ်တွေက အမြင့်ဆုံးသရေပါပဲ။ နိုင်ပွဲဆိုတာပျောက်နေပါတယ်။ ကက်ဂလီယာရီကတော့ လက်ချီနဲ့ ပြောင်းပြန်ပါ။ နိုင်ပွဲတွေ ဆက်နေပါတယ်။ ဒါကြောင့်လည်း အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေတာပါ။ ဒီပွဲမှာလည်း လက်ချီကွင်းမှာ ကက်ဂလီယာရီတို့ ရလဒ်ကောင်းအောင် ကြိုးစားဖွယ်ရှိပါတယ်။ ဒါပေမဲ့ လက်ချီရဲ့ ပိတ်ဆို့ကစားတတ်တဲ့အကျင့်ကြောင့် သရေရလဒ်လောက်ပဲ မှန်းထားသင့်ပါတယ်။
SPAL − ဂျီနိုအာ (အင်္ဂါ၊ နံနက် ၂း၁၅)
အမှတ်ပေးဇယားအောက်ဆုံးနားက အသင်းတွေ တွေ့ဆုံတဲ့ပွဲပါ။ ဒါကြောင့် ခြေစွမ်းတွေက အတူတူလောက်ပါပဲ။ ဂျီနိုအာကတော့ အတွေ့အကြုံပိုင်းပိုရှိပါတယ်။SPAL ကွင်း ဖြစ်တာကြောင့် အိမ်ရှင်ဘက်မှာ အားသာချက်ရှိနေပေမဲ့ ဂျီနိုအာ ထိန်းကစားနိုင်မှာပါ။ ဒီပွဲကလည်း သရေရလဒ်ဘက်ကို ဦးတည်နေပါတယ်။















