ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်က လိုင်လီအား နှစ်ဂိုးပြတ်အနိုင်ရခဲ့သည့် ပွဲတွင် ပုံမှန်ခြေစွမ်းပျောက်ခဲ့သော ဘရာ ဇီးတိုက်စစ်မှူးနေမာ၏ ခြေစွမ်းအပေါ် စိုးရိမ်ခြင်းမရှိကြောင်း ပွဲအပြီး၌ ပြောကြားခဲ့သည်။
ဒဏ်ရာကြောင့် တစ်လခန့် အနားယူခဲ့ရသော တိုက်စစ်မှူး နေမာ သည် နိုဝင်ဘာ ၂၂ ရက်က ကစားခဲ့သော လိုင်လီပွဲတွင် ပွဲထွက် ကစားသမားအဖြစ် ပြန်လည်ပါဝင်ခဲ့သည်။ နေမာသည် ပီအက်စ်ဂျီ တိုက်စစ်ကို ဦးဆောင်ခဲ့သော် လည်း ခြေစွမ်းမပြနိုင်ဘဲ လူစားလဲမခံ ရမီအချိန်အထိ ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ်မျှ မရခဲ့သည့်အပြင် တိကျသော ဘောလုံးပေးပို့မှု မလုပ်နိုင်ခဲ့ပေ။ နေမာ သည် ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်တွင် အမ်ဘက်ပီနှင့် လူစားလဲခံခဲ့ရသည်။
နည်းပြ တူချယ်က ''နေမာရဲ့ ခြေစွမ်း က တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ခြေစွမ်းအပေါ် စိုးရိမ်နေတာမျိုး မရှိပါဘူး။ ဒီခြေစွမ်းက သာမန်ဆိုတာတော့ ကျွန်တော် မသိဘူး။ သူ့ဆီက အများကြီး မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒဏ်ရာ ကြောင့် ခြောက်ပတ်လောက် နားခဲ့ရလို့ ပါ''ဟု ပြောကြားခဲ့သည်။
ပီအက်စ်ဂျီသည် အီကာဒီနှင့် ဒီမာရီယာတို့၏ ပထမပိုင်း သွင်းဂိုးများဖြင့် လိုင်လီအား နှစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။















