မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ထိပ်ဆုံးလေးသင်း ပြိုင်ဘက်များနှင့် အမှတ်ကွာဟမှု လျှော့ချနိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ရှက်ဖီးလ်ယူနိုက်တက်နှင့် ကစားရမည့် ပွဲမတိုင်မီ အသိပေး ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် လေးပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံး၊ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၁၂ ဂိုး၊ ရမှတ် ၁၆ မှတ်ဖြင့် အဆင့်ခုနစ်နေရာ၌ ရပ်တည်နေကာ အဆင့်လေး နေရာမှ မန်စီးတီးနှင့် ကိုးမှတ်ကွာဟနေသည်။
မန်ယူသည် နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ မန်ယူသည် နိုင်ငံတကာပွဲများမတိုင်မီ အိမ်ကွင်းတွင် ဘရိုက်တန်နှင့် ကစားခဲ့ရာ၌ သုံးဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံလိဂ် ဝင်ခွင့်နေရာသို့ ရောက်ရှိ ရေးမှာ မန်ယူအသင်းအတွက် အရေးပါနေသည်။
နည်းပြ ဆိုးလ်ရှားက ''ထိပ်ဆုံးလေးသင်းနဲ့ အမှတ်ကွာ ဟမှုကို ကျွန်တော်တို့ လျှော့ချနိုင်ဖို့ ကြိုးစားမယ်။ ကျွန် တော်တို့အတွက် လက်ရှိအချိန်မှာ ပွဲဆက်ခြေမှန်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ရနိုင်သမျှအမှတ်တွေ စုဆောင်းမယ်။ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်ရောက်ဖို့ လုပ်ဆောင်မှာပါ။ လက်ရှိမှာတော့ ထိပ်ဆုံးလေးသင်းနဲ့ အမှတ်ကွာဟမှု များနေတယ်။ လာမယ့် ဒီဇင်ဘာမှာ မန်စီးတီးနဲ့ ကစားရမယ်။ ကျွန်တော်တို့ အမှတ်ရအောင် ယူဖို့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်''ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် ဒီဇင်ဘာလအတွင်း ကိုးပွဲ ကစားရမည်ဖြစ်ပြီး စပါး၊ မန်စီးတီးတို့နှင့် တွေ့ဆုံနေသည့်ပွဲကောင်း များ ပါဝင်နေသည်။
ရှက်ဖီးလ်ယူနိုက်တက်နှင့် မကစားမီ အသင်း၏ ဒဏ်ရာရကစားသမားများ အခြေအနေကို ဆိုးလ်ရှားက ''စကော့တွန်မီနေးက နားရဦးမယ်ထင်တယ်၊ သူ လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ စပါး ဒါမှမဟုတ် မန်စီးတီး ပွဲကျမှ သူ့ကိုမြင်ရဖို့များတယ်။ ပေါ့ဘာရဲ့ ဒဏ်ရာအခြေ အနေ တိုးတက်နေပေမယ့် အနားယူရဦးမှာပါ''ဟု ပြောခဲ့ သည်။ ပေါ့ဘာသည် ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ အသင်း အတွက်ပြန်ကစားပေးနိုင်ရန် နည်းပြဆိုးလ်ရှားက မျှော်လင့်နေသည်။















