မင်္ဂလာတောင်ညွန့်ရထားခုံးတံတားအောက် ကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်သူအား ဖမ်းမိ

မင်္ဂလာတောင်ညွန့်ရထားခုံးတံတားအောက် ကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်သူအား ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရထားခုံးတံတားအောက်၌ ကလေးငယ်ကိုအဓမ္မပြုကျင့်သတ်ဖြတ်မှုမှ ကျူးလွန်သူနှစ်ဦးအား ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မီးရထားရပ်ကွက် သိမ်ဖြူခုံးတံတားအောက် ရထားသံလမ်းဘေး၌ ကလေးအလောင်းတစ်လောင်းအား ဆာလာအိတ်ဖြင့် ထည့်လျက် စွန့်ပစ်ထားသည်ကိုတွေ့ရှိရကြောင်းသတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

သိမ်ဖြူခုံးတံတားအောက် ပုဇွန်တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီးအကြား ရထားသံလမ်း မိုင်တိုင် (ဝ၁-ဝ၂) အမှတ်(၁) ရထားသံလမ်းဘေးနှင့် တံတားအောက်ခြေ အုတ်ပေါင်ကြားတွင် အသက်ရှစ်နှစ်ခန့်ရှိ မိန်းကလေးအလောင်းကို အိတ်နှင့် ထုပ်ပိုးလျက် ဒဏ်ရာများဖြင့် အဝတ်အစားများမပါဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူကလေးသည် ဖခင်ဖြစ်သူနှင့်အတူ အောင်ဆန်းအားကစားကွင်းအနီးတွင် နေထိုင်သူဖြစ်သည်။မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၀၂ အရအမှုဖွင့် စုံစမ်းခဲ့သည်။

အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ပူးပေါင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာ အခင်းဖြစ်နေ့မှစ၍ ပျောက်နေကြောင်း စုံစမ်းသိရှိခဲ့သည်။

အမှုဖြင့်မသင်္ကာသူမှာ မွန်ပြည်နယ်တွင်ရောက်ရှိနေကြောင်းသိရသဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ကျိုက္ခမီ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင်(ခ) သရဲကို ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် ကျားဆိပ် မြောက် (၁)လမ်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော်ကို စစ်ဆေးခဲ့ရာ ၎င်းသည် ဩဂုတ် ၁၉ ရက် ည ၁၁ နာရီခွဲ ခန့်က အောင်ဆန်းအားကစားကွင်း၊ “ရွှေ” ကားဂိတ်ရှေ့ရှိ ကွပ်ပျစ်ပေါ် တွင် ဖခင်ဖြစ်သူနှင့်အတူ အိပ်နေသည့် သေဆုံးသူကလေးငယ်ကို ပွေ့ချီကာ သိမ်ဖြူခုံးတံတား အောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ) ရှမ်းလေးနှင့်အတူ အဓမ္မပြုကျင့်စဉ်  အော်ဟစ်နေသဖြင့် ထိုးကြိတ်ထုရိုက်ကာ ဆက်လက်၍အဓမ္မပြုကျင့်ပြီးနောက် ဆာလာအိတ်အတွင်းထည့်၍ သံလမ်းအနီး ချထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သက်ဆိုင်ရာ၏စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ထွန်းဦး(ခ) ရှမ်းလေးကိုနိုဝင်ဘာ ၂၁ ရက်တွင် ပန်းဆိုးတန်းခုံးတံတားအောက်၌ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အမှုဖွင့်အရေးယူထားသည်။