ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အစောပိုင်းပွဲအဖြစ် ဝက်စ်ဟမ်းနှင့် စပါးတို့ လန်ဒန် ဒါဘီပွဲယှဉ်ပြိုင်ခဲ့ရာ စပါးအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
စပါးနည်းပြသစ် မော်ရင်ဟိုသည် တိုက်စစ်တွင် ဟယ်ရီကိန်းကို အထောင်ထားခဲ့ပြီး ဆွန်ဟောင်မင်၊ အယ်လီ၊ မိုရာ၊ ဟယ်ရီဝင့်ခ်နှင့် အီရစ်ဒီယာတို့ကို အသုံးပြုခဲ့သည်။ ဝက်စ်ဟမ်းတိုက်စစ်ကို ဟယ်လာဦးဆောင်ခဲ့ပြီး အိမ်ကွင်း တွင် ပုံစံကောင်းရရန် ကြိုးစားခဲ့သော် လည်း ကစားကွက် မကောင်းခဲ့ပေ။
နည်းပြ မော်ရင်ဟိုလက်အောက် ၌ စပါးကစားသမားများသည် ယုံ ကြည်မှုအပြည့်ဖြင့် ကစားခဲ့ပြီး ပွဲချိန် ၃၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ ကွင်းလယ်လူ အယ်လီ၏ ဖန်တီးမှုမှ တစ်ဆင့် ဆွန်ဟောင်မင်က ဝက်စ်ဟမ်းနောက်ခံလူကို တစ်ချက် ခြေယောင်ပြကာ ဘယ်ခြေဖြင့် အပြင်း ကန်သွင်းခဲ့သည်။ ဘရာဇီးတောင်ပံကစားသမား မိုရာသည် ပွဲချိန် ၄၃ မိနစ်တွင် ဆွန်ဟောင်မင်၏ ဘယ်ခြမ်းမှ ပေးပို့မှုမှတစ်ဆင့် အနီးကပ်သွင်းယူခဲ့၍ ဒုတိယဂိုးရရှိခဲ့သည်။
စပါးသည် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့်ကစားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်တွင် တတိယဂိုးရရှိခဲ့ရာ အော်ရီ ယာ၏ ညာခြမ်းမှ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူးဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ သည်။
ဝက်စ် ဟမ်းသည် ပွဲချိန် ၇၃ မိနစ်တွင် ချေပဂိုး တစ်ဂိုးပြန်ရခဲ့ပြီး အန်တိုနီယိုက သွင်းယူခဲ့သည်။ ဝက်စ်ဟမ်း သည် ပွဲပြီးလုချိန်တွင် ဒုတိယချေပဂိုးရရှိခဲ့ပြီး အော့ဘွန်နာက သွင်းယူခဲ့သည်။ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ သောကြောင့် နည်းပြမော်ရင်ဟို၏ စပါးနည်းပြဘဝ ပွဲဦးထွက် အဖွင့်လှခဲ့သည်။















