အာဆင်နယ်ပရိသတ်များ၏ ဒေါသခံစားချက်ကို နားလည်ကြောင်း အမ်မရီပြော

အာဆင်နယ်ပရိသတ်များ၏ ဒေါသခံစားချက်ကို နားလည်ကြောင်း အမ်မရီပြော

အာဆင်နယ်အသင်းနည်းပြ အမ် မရီက ပရိသတ်များ၏ ဒေါသခံစား ချက်ကို နားလည်ကြောင်း ဆောက်သမ် တန်နှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲ အပြီး ပြောကြားခဲ့သည်။

အာဆင်နယ် သည် အိမ်ကွင်းတွင် လူစုံတက်စုံဖြင့် ကစားခဲ့သော်လည်း အကောင်းဆုံး ခြေစွမ်းဖြင့် မကစားနိုင်ခဲ့ဘဲ ကံကောင်း ၍ သရေကျခဲ့ခြင်းဖြစ်သည်။ ဆောက် သမ်တန်အတွက် ဦးဆောင်ဂိုးကို ဒန်နီ အင့်စ်က ရှစ်မိနစ်တွင် သွင်းယူခဲ့ပြီး အာဆင်နယ်အတွက် လာကာဇက်တီ က ၁၈ မိနစ်တွင် ချေပဂိုးသွင်းခဲ့သည်။

ဆောက်သမ်တန်သည် ပွဲချိန် ၇၁ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး ဝက်ဒ် ပရောက်ဆီက သွင်းယူခဲ့သည်။ အာ ဆင်နယ်သည် ပွဲပြီးလုချိန်တွင် အဖိုး တန် ချေပဂိုးရခဲ့ပြီး လာကာဇက်တီက သွင်းယူခဲ့သည်။ အာဆင်နယ်သည် ခြောက်ပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ ပြီး နှစ်ပေါင်း ၂ဝ ကျော်အတွင်း နိုင်ပွဲ ပျောက် အရှည်ကြာဆုံးဖြစ်နေသည်။ အာဆင်နယ်သည် ၁၉၉၈ ခုနှစ် နိုဝင် ဘာမှ ဒီဇင်ဘာအတွင်း ခြောက်ပွဲ ဆက်တိုက် အနိုင်ပျောက်ခဲ့သည်။

အာဆင်နယ် ပရိသတ်များက နည်းပြ အမ်မရီအား ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေသည်။

နည်းပြ အမ်မရီက ''အသင်းက ကျွန်တော့်ကို နေ့တိုင်း ထောက်ခံမှုပေးပါတယ်။ ဒီ တော့ ကျွန်တော့်မှာလည်း တာဝန် များတယ်။ ဒီ့ထက် ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိပါ တယ်။ ပရိသတ်တွေကို နားလည်ပါ တယ်။ လက်ရှိမှာ သူတို့ဟာ ကြေကွဲ ဝမ်းနည်းပြီး ဒေါသထွက်နေကြတယ်။ ကစားသမားတွေရဲ့ ခံစားချက်ကလည်း ဒီအတိုင်းပါပဲ။ ကွင်းထဲမှာ ကျွန်တော်တို့ ယုံကြည်မှု ပျောက်ဆုံးခဲ့ပါတယ်''ဟု ပြောဆိုခဲ့သည်။

အာဆင်နယ်သည် အောက်တိုဘာ ၂၅ ရက်နောက်ပိုင်း အနိုင်ပျောက်ခဲ့ပြီး နောက်ဆုံး ပြိုင်ပွဲ စုံခြောက်ပွဲတွင် ငါးပွဲ သရေ၊ တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်သည် ကြားရက်တွင် ဖရန့်ဖတ်နှင့် ယူရိုပါလိဂ် ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်၌ နောဝစ်ချ်ကွင်းတွင် သွားကစားရမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး