ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရက်ဘေးလ်ကို ပရိသတ်များက လှောင်ပြောင်နေမှုများ ရပ်တန့်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
ဂါရက်ဘေးလ်သည် ဆိုစီဒက်အား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်ကစားခဲ့သူဖြစ်သည်။ ရီးရဲလ် ပရိသတ်များသည် ပွဲချိန်အတွင်း ဂါရက်ဘေးလ်အား ပစ်မှတ်ထားကာ လှောင်ပြောင်ခဲ့ကြသည်။ ဂါရက်ဘေးလ် သည် ဟန်ဂေရီးအား အနိုင်ရခဲ့သည့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲအပြီး ဝေးလ်အလံ ကိုင်ဆောင်၍ အောင်ပွဲခံခဲ့ရာ အငြင်း ပွားစရာ ဖြစ်ခဲ့သည်။
အလံပေါ်တွင် စာရေးသားခဲ့ရာ၌ ဝေးလ်အသင်းနှင့် ဂေါ့ဖ်အားကစား နည်းပြီးမှ ရီးရဲလ်မက်ဒရစ်ကို အာရုံ စိုက်သည့်သဘော အဓိပ္ပာယ်သက် ရောက်ခဲ့သည်။ ဂါရက်ဘေးလ်သည် အောက်တိုဘာနောက်ပိုင်း ရီးရဲလ် အတွက် ပထမဆုံး ပွဲထွက်ခဲ့ရာတွင် ပရိသတ်များ၏ လှောင်ပြောင်မှုများကို ခံခဲ့ရခြင်းလည်း ဖြစ်သည်။
နည်းပြ ဇီဒန်းက ''ဒီရာသီတစ်ရာ သီလုံး တောက်လျှောက်ကြီး အခုလို မဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အစကနေ အဆုံးတိုင် ပရိသတ်တွေကို ကျွန်တော်တို့နဲ့ အတူရှိစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထိန်းချုပ်မရတာ တွေရှိတယ်။ ပရိသတ်တွေက သူတို့ လိုချင်တာကို ပြောခွင့်ရှိပါတယ်။ သူ လှောင်ပြောင်ခံရတာက မတရားဘူး လား (ဒါမှမဟုတ်) ဘာလဲဆိုတာကို ကျွန်တော်မပြောတတ်ဘူး''ဟု ပြော သည်။















